ပုဂံ   ၂၆  နိုဝင်ဘာ 

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ရေှးဟောင်းပုဂံညောင်ဦးဒေသအတွင်း သာယာလှပရေးအတွက် လမ်မီးလုံးကြီးများ တိုးချဲ့တပ်ဆင်ထွန်းညှိခြင်းနှင့်လမ်းမီးအသုံးပြုသည့် ထရန်စဖော်မာများအား အကြီးစားပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံမှ သိရသည်။

           

အဆိုပါ လမ်းမီးလုံးကြီးများ တိုးချဲ့တပ်ဆင်ထွန်းညှိခြင်းနှင့် လမ်းမီးအသုံးပြုသည့် လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်းခြင်းများကို ပုဂံဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး အတွက်ရန်ပုံငွေ ကျပ်သန်း(၂၅၂၀.၀၀)မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွားမြို့တော်ဖြစ်သည့် ရှေးဟောင်း ပုဂံ-ညောင်ဦး ဒေသပတ်ဝန်းကျင်အတွင်း စိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်း သာယာလှပရေးအတွက် အဓိကထားဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပုဂံမြို့လျှပ်စစ် မန်နေဂျာဦးမျိုးမင်းထွန်းက ပြောသည်။

           

လမ်းမီးလုံးကြီးများ တိုးချဲ့တပ်ဆင်ထွန်းညှိခြင်းဖြင့် သာယာလှပပြီး ဒေသလုံခြုံရေးအတွက်ပါ အထောက်အကူပြုကြောင်း၊ လမ်းမီးအသုံးပြုသည့် ထရန်စဖော်မာများအား အကြီးစားပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်းကြောင့် လမ်းမီးများကိုလျှပ်စစ်ဓာတ်အား စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် ထွန်းညှိနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် ထရန်စဖော်မာများ ချွတ်ယွင်းလောင်ကျွမ်း ပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ပုဂံ-ညောင်ဦးဒေသ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး တင်ဒါကော်မတီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်း ထွန်းပြောကြား၍ သိရသည်။

                                                                       

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း