နေပြည်တော် ၂၆ နိုဝင်ဘာ
(၁၄) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွန်းဖု က အဖွင့်မိန့်ခွန်း ပြောကြားပြီး ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ် က မိတ်ဆက်အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသ၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဝန်ကြီးအဆင့်စုံညီအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင်ကျင်းပရာ 13th AMMTC သဘာပတိ၊ ထိုင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၁၉ ခုနှစ်အတွင်း တာဝန်ယူ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ်သို့ 14th AMMTC သဘာပတိ တာဝန်များကို လွှဲပြောင်းပေးသည်။ အစည်းအဝေးတွင် သဘာပတိ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က AMMTC လုပ်ငန်းစဉ်နှင့် အာဆီယံမူဘောင်များနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီးများက ဒေသတွင်း နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က အာဆီယံဒေသတွင်း ပုံစံမျိုးစုံဖြင့် ပြောင်းလဲဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင်မှုခင်း ဖြစ်ပေါ်စေသည့် အရင်းခံအကြောင်း တရားများကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် စွမ်းဆောင်ရည် မြင့်မားမှုတို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပါ ကြောင်း၊ မှုခင်းပြဿနာများကို ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍မရတော့ဘဲ ကဏ္ဍပေါင်းစုံမှ ရှုမြင် သုံးသပ်၍ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာအရင်းအမြစ် ကို ဖော်ထုတ်ဖြေရှင်းရန် ၂၀၁၉ ခုနှစ် 13th AMMTC အစည်းအဝေးတွင် မြန်မာနိုင်ငံက ဆွေးနွေး တင်ပြခဲ့ပါကြောင်း။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ရာဇဝတ်မှုခင်းဂိုဏ်းများ အားလုံးနှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို မိမိတို့ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်မှု သည် ယခင်နှစ် များထက် ၆ ဒသမ ၅ ဆခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ အကြမ်းဖက်မှုပြ ဿနာသည် မူးယစ် ဆေးဝါးသယ်ဆောင်ရောင်း ဝယ်မှုများနှင့် ထဲထဲဝင်ဝင် ပါဝင်ဆက်စပ်မှု ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေး ကိစ္စတွင် အကြမ်းဖက်ဝါဒ (Terrorism) အတွင်းကျကျ ဆက်စပ်နေသည့်အတွက် လက်ခံခြင်း မပြုကြရန်နှင့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှုကို ရပ်တန့်အောင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အကြမ်းဖက် ဝါဒကွယ်ပျောက် သွားမှသာ နိုင်ငံတွင်းတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိမှု တို့ကို ဖော်ဆောင်နိုင်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးသည်။
14th AMMTC အစည်းအဝေးတွင် ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်း စီမံချက်အကောင်အထည်ဖော်မှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်းသည့် TOR များ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို အတည်ပြုခြင်း၊ ဝန်ကြီးအဆင့်အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်နှင့် နိုင်ငံအလိုက် ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင်ခြင်းတို့ ဆောင် ရွက်၍ 15th AMMTC ကို ၂၀၂၁ ခုနှစ်တွင် ဘရူနိုင်းဒါရုဆလင်နိုင်ငံ၌ ကျင်းပရန် အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


