၂၆ နိုဝင်ဘာ
မာရာဒိုနာလို့ ပြောလိုက်တာနဲ့ ဘောလုံးအကြောင်း စိတ်ဝင်စားသူရော၊ သိပ်ပြီး စိတ်ဝင်စားမှု မရှိတဲ့သူရောက အင်မတန်အောင်မြင်တဲ့ ကျောနံပါတ် (၁၀)ပိုင်ရှင်အဖြစ် သိကြပါတယ်။
နာပိုလီလို သာမန်အီတလီကလပ်အသင်းလေးကို ကမ္ဘာ့ဘောလုံးပရိသတ်တွေ အာရုံကျလာအောင် ဆွဲဆောင်ပေး နိုင်ခဲ့သူ။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလား ရယူပေးခဲ့သူ။ မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ လက်ရွေးစင်အသင်း လူစာရင်းကနေ ပယ်ဖျက်ခံရသူ။ ပြီးတော့ “ ဘုရားပေးတဲ့လက်” ဆိုတဲ့ အပြောနဲ့ အင်္ဂလန်အသင်းကို လက်နဲ့ ဂိုးသွင်းခဲ့တယ်ဆိုတာကို ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့သူ။ စသဖြင့် စသဖြင့် မှတ်တမ်းကောင်းတွေ မှတ်တမ်းဆိုးတွေ အားလုံးကို ခြယ်မှုန်းခဲ့တဲ့ ဒီယေဂို မာရာဒိုနာက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှာ သူ့ကိုချစ်ခင်ကြတဲ့ ကမ္ဘာ့ဘောလုံးပရိသတ်တွေနဲ့ ဘောလုံးလောကကြီးကို ထာဝရ ကျောခိုင်းသွားခဲ့ပြီဖြစ်ပါတယ်။
ကွယ်လွန်ခဲ့
မာရာဒိုနာဟာ နှလုံးရောဂါကြောင့် ဦးနှောက်တွင်းသွေးခဲခဲ့ကာ ဒီသွေးခဲကို အောင်အောင်မြင်မြင် ဖယ်ရှားခဲ့ပေမယ့် ခွဲစိတ်မှုခံယူပြီး ရက်ပိုင်းအတွင်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ( ၆၀) အရွယ်ရှိပါပြီ။
အာဂျင်တီးနား အစိုးရကတော့ မာရာဒိုရာ ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ်ပေးခဲ့ပြီး သူတို့နိုင်ငံရဲ့ ဂန္ထဝင်ကစားသမားကြီးကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဘရာဇီးဂန္ထဝင် ပီလီကတော့ မာရာဒိုနာ သေဆုံးသွားခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ သူ့အတွက် မိတ်ဆွေကောင်းဆုံးရှုံးခဲ့ရသလို ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရကြောင်းနဲ့ တစ်ချိန်ချိန်မှာ ကောင်းကင်ဘုံမှာ အတူတူ ဘောလုံးကစားကြမှာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
ကွယ်လွန်ပြီး နာရီပိုင်းအတွင်းမှာပဲ ဘောလုံးလောက တစ်ခုလုံးအပြင် အားကစားလောက တစ်ရပ်လုံးက မာရာဒိုနာ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနဲ့ ဂုဏ်ပြုကြောင်း စာလွှာတွေဟာ လူမှုကွန်ရက်မှာ တင်ထားပြီး နိုဝင်ဘာ ၂၅ ရက် နဲ့ ၂၆ ရက် နှစ်ရက်လုံးဟာ မာရာဒိုနာအကြောင်းတွေနဲ့ပဲ အပြည့်နေရာ ယူထားပါတယ်။
မာရာဒိုနာရဲ့ဖြစ်တည်ရာ
မာရာဒိုနာကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ ဗျူနိုအေးရိစ်မြို့ အနီးအနားမြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်ဘဝက ဆင်းရဲပေမယ့် အသက် ၁၆ နှစ် ကျော်ကျော်နဲ့ အောင်မြင်တဲ့ ကစားသမားဖြစ်လာခဲ့တာကြောင့် ဆင်းရဲတွင်းကနေ သူ့ဘဝ သူဖန်တီးပြီး ရုန်းထွက်နိုင်ခဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။ အရပ် ၅ ပေ ၅ လက်မပဲ ရှိတဲ့ ဒီကစားသမားဟာ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ်မှူးနေရာတွေမှာ ကစားခဲ့သူဖြစ်ပြီး ၂၀ ရာစုရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဘရာဇီးဂန္ထဝင် ပီလီနဲ့ တစ်တန်းတည်း ထားခဲ့ရသူဖြစ်ပါတယ်။ အလိမ်အခေါက် စွမ်းရည်၊ လျင်မြန်မှု၊ ဘောလုံးအမြင် စူးရှမှုတို့နဲ့အတူ ဂိုးသွင်းသေသပ်မှုတို့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစွာ ကစားနိုင်မှုတွေကြောင့်ပဲ မာရာဒိုနာဟာ ကွင်းတွင်းမှာ ခေါင်းဆောင်မှု စွမ်းရည်မြင့်မားခဲ့သလို ကွင်းတွင်း လွှမ်းမိုးမှု အားကြီးတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
အငြင်းပွားဖွယ်မရှိတဲ့ ထာဝရကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ ကွင်းပြင်ပမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ကိစ္စရပ်တွေ၊ အမျိုးသမီးပေါင်းမြောက်မြားစွာနဲ့ ပတ်သက်မှု စတာတွေကြောင့် သူ့ရဲ့ကွင်းပြင်ပ ဘဝနေထိုင်မှုဟာတော့ ရှုပ်ရှုပ်ထွေးထွေး အနေအထားတွေနဲ့ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ သူဟာ နာမည်ကောင်း ထိန်းသိမ်းရေးထက် ဘဝတစ်လျောက်လုံး လုပ်ချင်ရာတွေကို လုပ်ဆောင်ပြီး ဖြတ်သန်းခဲ့တဲ့ သူဆိုရင် ပိုမှန်ပါလိမ့်မယ်။
နိုင်ငံလက်ရွေးစင်အသင်းအတွက် မက်ဆီထက် စွမ်းဆောင်ရည်သာလွန်ခဲ့
အာဂျင်တီးနားလို့ ပြောလိုက်ရင် မာရာဒိုနာ၊ မက်ဆီတို့လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို မွေးထုတ်ပေးခဲ့ရာ နိုင်ငံအဖြစ် သိကြပေမယ့် အာဂျင်တီးနားနိုင်ငံဟာ ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံအဖြစ် ထွန်းတောက်လာတာက မာရာဒိုနာခေတ်မှာလို့ ဆိုရမှာဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်အသင်းအတွက် မာရာဒိုရာရဲ့ စွမ်းဆောင်ပေးနိုင်ခဲ့မှုဟာ မက်ဆီထက် သာလွန်ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ မက်ဆီဟာ အသက် (၃၃)နှစ် ရောက်လာပြီဖြစ်တဲ့အထိ နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားလို အဓိက ဆုဖလား ရယူပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် မာရာဒိုနာကတော့ ၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလားမှာ အနောက်ဂျာမနီကို အနိုင်ကစားပြီး နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် နောက်လေးနှစ်အကြာ ၁၉၉၀ အီတလီကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ ထပ်မံ ပို့ဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သူ့ရဲ့ ဒုတိယဂိုးဟာ “ ဘုရားပေးတဲ့လက်”နဲ့ သွင်းယူခဲ့တာဖြစ်ကြောင်းနဲ့ ဒီဂိုးဟာ သာမန်ထက် များစွာ ထူးခြားတဲ့ဂိုးဖြစ်တာကတော့ အင်္ဂလန်ကို ကမ္ဘာ့ဖလားကနေ ထွက်ခွာအောင် ဖန်တီးနိုင်ခဲ့လို့ ဖြစ်ကြောင်း ဆိုခဲ့သူက မာရာဒိုနာပါ။
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး နှစ်ကြိမ်တိုင်စံချိန် ချိုးခဲ့သူ
မာရာဒိုနာဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ဘိုကာဂျူနီယာအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တုန်းက တစ်ကြိမ်၊ ၁၉၈၂ ခုနှစ် ဘာစီလိုနာကနေ နာပိုလီအသင်းကို ပေါင် ငါးသန်းနဲ့ ပြောင်းရွှေ့တုန်းက တစ်ကြိမ် နှစ်ကြိမ် ဆက်ဆိုက် ကမ္ဘာ့အပြောင်းအရွှေ့ ဈေးကွက်ကို ကိုင်လှုပ်ခဲ့သူဖြစ်ပါတယ်။ နာပိုလီအသင်းရှိရာ နေပယ်လ်မြို့ကို ရောက်ရှိလာတဲ့ မာရာဒိုနာကို ပရိသတ် ရှစ်သောင်းက လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ မြင်ကွင်းဟာ ယနေ့အထိ မမေ့နိုင်စရာ မြင်ကွင်းဖြစ်နေတုန်းပါပဲ။ မာရာဒိုနာက နေပယ်လ်မြို့က လေကို ရှိုက်ရတာဟာ သူ့ကို အင်အားဖြစ်စေပြီး ပြောကြားခဲ့သူ ဖြစ်ပါတယ်။
အကောင်းဆုံးအချိန်
နာပိုလီဟာ အရင်က သိပ်ထင်ထင်ရှားရှား မရှိလှပေမယ့် မာရာဒိုနာ ရောက်လာပြီး ၁၉၈၇ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ လိဂ်ဖလားနှစ်ကြိမ်နဲ့ ၁၉၈၉ ခုနှစ်တွေမှာ ယူအီးအက်ဖ်အေ ဖလားတစ်ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နာပိုလီမှာ ကစားနေတဲ့ အချိန်မှာပဲ အာဂျင်တီးနားအသင်းအတွက် ၁၉၈၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံတစ်ကြိမ်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ ဒုတိယဆု တစ်ကြိမ် နိုင်ငံအသင်းကို စုစုပေါင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်အထိ နှစ်ကြိမ်တိုင် ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ပြည့်နှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဆေးစစ်ရာကျမှာ မူးယစ်ဆေးသုံးစွဲထားတာကြောင့် ၁၅လ ကစားခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့် မာရာဒိုနာရဲ့ အကောင်းဆုံး ကစားသမားဘဝအချိန်တွေကို ၁၉၈၂ ကနေ ၁၉၉၀ ပြည့်နှစ်ကြားကာလမှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ကစားသမားသက်တမ်းတစ်လျောက် ၄၉၁ ပွဲကစားပြီး ၂၅၉ ဂိုးသွင်းယူ ပေးခဲ့သူဖြစ်ပြီး ခေတ်ပြိုင် ကစားသမားတွေထဲမှာ အကောင်းဆုံး တွေထဲက အကောင်းဆုံးလို့ သတ်မှတ်ရမယ့် ကစားသမားဖြစ်ပါတယ်။
မာရာဒိုနာ၏ ကစားသမားဘဝအကျဉ်း
၁၉၇၇ ခုနှစ် - အာဂျင်တီးနားနှင့် ဟန်ဂေရီအသင်းတို့၏ ပွဲစဉ်တွင် လက်ရွေးစင် ကစားသမားဘဝ စတင်။
၁၉၈၆ ခုနှစ်- အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့။
၁၉၉၀ ခုနှစ်- အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်ခဲ့ပြီး နာပိုလီအသင်းနှင့်အတူ လိဂ်ဖလား ဆွတ်ခူး။
၁၉၉၁ ခုနှစ်- ဆေးစစ်ချက်တွင် မူးယစ်ဆေး သုံးစွဲမှုကြောင့် ၁၅လတာ ကစားခွင့် ပိတ်ပင်ခံရ။
၁၉၉၄ ခုနှစ်- ကစားသမားဘဝ စတုတ္ထအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဝင်ရောက်ကစားခဲ့သော်လည်း ဆေးစစ်ရာတွင် မူးယစ်ဆေး သုံးစွဲမှုကြောင့် အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရ။
၁၉၉၇ ခုနှစ်- ဆေးစစ်ရာတွင် မူးယစ်ဆေး သုံးစွဲကြောင်း တတိယအကြိမ် တွေ့ရှိခဲ့ပြီး နောက် ဘောလုံးကစားခြင်းမှ အနားယူပြီဖြစ်ကြောင်း ကြေညာ။
၂၀၁၀ ခုနှစ် - အာဂျင်တီးနားလက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ပြီး ကွာတား ဖိုင်နယ်အဆင့် ရှုံးနိမ့်ခဲ့အပြီး အသင်းနှင့် လမ်းခွဲ။
မေလဲ့သင်း