ရန်ကုန်  ၂၆  နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များ၌ စေတနာ၊ မေတ္တာ၊ ဝီရိယအားတို့ကိုအခြေခံ၍ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် 9-COVID Team ၏ ဦးဆောင်စည်းရုံးမှုဖြင့် နေထိုင်ရန် အဆောက်အဦများ၊ အကျွေးအမွေးနှင့် သွားလာရေးတို့အတွက် လှူဒါန်းကြသော အလှူရှင်များအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် ဂုဏ်ပြုအဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင် ဦးသိန်းဟန် က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး 9-COVID Team မှ ဦးခင်အောင်ထွန်း က 9-COVID Team ဖွဲ့စည်းခဲ့မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ခဲ့မှုများကို Power point ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယနေ့အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ စေတနာ၊ မေတ္တာ၊ ဝီရိယအားတို့ကိုအခြေခံ၍ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများနေထိုင်ရန် အဆောက်အဦများ၊ အကျွေးအမွေးနှင့် သွားလာရေးတို့အတွက် လှူဒါန်းကြသော အလှူရှင်(၃၈)ဦးကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်း - မင်းသစ်(MNA)/ ဓာတ်ပုံ-ရဲထွဋ်