ဘားအံ  ၂၆  နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲလံကျေးရွာရှိ မဲလံ ၃၃ ကေဗွီဓာတ်အားလိုင်း (၇ ဒသမ ၃ မိုင်)နှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ဓာတ်အားလိုင်းနှင့် ခွဲရုံတည်ဆောက်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ တာဝန်ယူ တည်ဆောက်ခဲ့သည့် သုဟန်စည်ကုမ္ပဏီမှ Managing Director က ကျေးဇူးတင်စကား ပြောကြားသည်။

 

a1

 

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)မှ ပဒိုစောကိုလေးက အမှာစကားပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သုဟန်စည်ကုမ္ပဏီမှ Managing Director က တက်ရောက် လာသူများအား မဲလံခွဲရုံဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားလိုင်းနှင့် ခွဲရုံအား အောင်မြင်စွာတည်ဆောက်နိုင်ခြင်းအတွက် သုဟန်စည်ကုမ္ပဏီသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် သုဟန်စည်ကုမ္ပဏီမှ Managing Director တို့က မဲလံဓာတ်အားလိုင်းနှင့် ခွဲရုံသစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဓာတ်အားခွဲရုံဖွင့်ပွဲဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့သည်။

မဲလံ ၃၃ ကေဗွီဓာတ်အားလိုင်း (၇ ဒသမ ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထားဆောင်ရွက်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဓာတ်အားစတင်လက်ခံခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ဝတ်ကြီးနှင့် ထုံးတောင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီဖြစ်သည်။

မဲလံ ၃၃ ကေဗွီဓာတ်အားလိုင်း (၇ ဒသမ ၃ မိုင်)နှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှနေ၍ သံလွင်မြစ်အနောက်ဘက်ခြမ်းဒေသဖြစ်သော မဲလံကျေးရွာအပါအဝင် တကောင်ဘိုး၊ ဝတ်ကြီး၊ အီဟယ်၊ ကျုံမသွယ် ကျေးရွာအုပ်စုများမှ ကျေးရွာစုစုပေါင်း ၂၃ ရွာ လျှပ်စစ်မီးရရှိခံစားကြရတော့မည် ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)