နိုဝင်ဘာ

ရေရှည်စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ကျွန်မတို့ စီစဉ်ထားပြီးတာကတော့ အမှန်ပြောရရင် ၂ လပိုင်းကတည်းက ကိုဗစ်ရောဂါကို စပြီးရင်ဆိုင်ရတော့မယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါကြီးလို့ မကြေညာခင်ကတည်းက စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့အနေနဲ့ ပြည်သူတွေကို မထိခိုက်အောင် ဘယ်လိုစီစဉ်ရမလဲဆိုတာ စပြီးတော့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် လိုအပ်သလို ကျွန်မတို့ အကောင်အထည်ဖော်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မလွန်ပါနဲ့၊ သတိကတော့ ရှိပါ။ ပြည်သူတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကိုပဲသတိပြုပြီးတော့ ဂရုစိုက်စေချင်ပါတယ်။ ပြည်သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မယ်။ ကိုယ့်ကို မကူးအောင်လုပ်မယ်။ ကိုယ်ကနေ တခြားလူတွေကို မကူးအောင် လုပ်မယ်ဆိုရင် နိုင်ငံတော်ရဲ့ ဝန်က ထက်ဝက်မက ပေါ့သွားမှာပါ။ စီးပွားရေးကိစ္စ၊ လူမှုရေး ကိစ္စ၊ ဒါတွေကတော့ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်တဲ့အလျောက် ကျွန်မတို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်သွားပါမယ်။ ဘာတွေ လုပ်မယ်၊ ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာကိုလည်း ပြည်သူတွေနားလည်အောင်၊ ရှင်းရှင်းလင်းလင်း သိရအောင် ကျွန်မတို့ တစ်ပတ်နှစ်ခါပြောနေတဲ့ ဗီဒီယိုမိန့်ခွန်းတွေထဲမှာ ထည့်ပြေသွားပါမယ်။ ရုပ်မြင်သံကြားကပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာရဲ့ အွန်လိုင်းကပဲဖြစ်ဖြစ်၊ သတင်းစာတွေ ထဲကဖြစ်ဖြစ်၊ နိုင်ငံပိုင် သတင်းစာထဲကဖြစ်ဖြစ် ပြည်သူတွေကို အမြန်ဆုံး အသိပေးမှာ ဖြစ်ပါတယ်။

(Coronavirus Disease 2019 (COVD-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)