၂၇ နိုဝင်ဘာ
မကြာခင်ကာလမှာ ရုပ်မြင်သံကြားကနေတစ်ဆင့် အွန်လိုင်းကနေပြီး ကျန်းမာရေးကောင်းဖို့အတွက် ရည်ရွယ်ထားတဲ့ အကပြိုင်ပွဲတွေလည်းလုပ်ဖို့ စီစဉ်နေပါတယ်။ ပြည်သူတွေအနေနဲ့ အကတော်ရင် ဆုလည်း ရနိုင်တယ်။ ဒါလုပ်ခြင်းအားဖြင့် စိတ်သက်သာမှုလည်း ရနိုင်တယ်။ ကျန်းမာရေးလည်း ပိုပြီးတိုးတက်နိုင်ပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ကျွန်မအကြိမ်ကြိမ်အခါခါ ပြောပါတယ်။ အခြေခံကျန်းမာရေးကောင်းတဲ့ ပုဂ္ဂိုလ်များဟာ ဒီရောဂါရရင်တောင်မှ သိပ်ပြီးပြင်းပြင်းထန်ထန်မခံစားရပါဘူး။ ဒါကြောင့် အခြေခံကျန်းမာရေး ကောင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံမှာသာမက တခြားနိုင်ငံတွေမှာလည်း အခု တွေ့လာရတာတော့ ဆီးချိုရောဂါသည်များဟာ ကိုဗစ်ရောဂါကို သိပ်ပြီးတော့ သတိထားရပါလိမ့်မယ်။ ဆီးချိုရောဂါအခံရှိတယ်ဆိုရင် ကိုဗစ်ရောဂါရတဲ့အခါ ပြင်းထန်တတ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိတဲ့ပြည်သူတွေ တော်တော်များပါတယ်။ ဒါကတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေ ရှိခဲ့လို့ပါ။ ကျွန်မတို့ ဒါတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လုပ်နေပါ တယ်။ ဒါပေမယ့် ဒီလိုအခြေခံကျန်းမာရေး ကောင်းတယ်ဆိုတာ နေ့ချင်း၊ ညချင်း မဖြစ်သွားပါဘူး။ နှစ်ပေါင်းများစွာ။ ပြောရမယ်ဆိုရင် အမိဝမ်းတွင်းကတည်းက စတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်များကို ကလေးသန္ဓေတည်တာနဲ့ စပြီးတော့ ဂရုစိုက်ရတယ်။ ကလေးလွတ်တဲ့အထိ အထူးဂရုစိုက်ပြီးတော့ ပံ့ပိုးတာတွေ လုပ်နေတာဖြစ်ပါတယ်။
(Coronavirus Disease 2019 (CoVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၆-၁၁-၂ဝ၂ဝ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


