ပူဒူချယ်ရီ ၂၇ နိုဝင်ဘာ
ယနေ့အစောပိုင်းက အိန္ဒိယနိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသ များသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ သစ်ပင်ပြိုလဲမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ နေအိမ်စွန့်ခွာရကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
နီဗာဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅ မိနစ်ခန့်က တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ နှုန်းဖြင့် ပူဒူချယ်ရီ ဒေသအနီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒေသဆိုင်ရာအာဏာပိုင်များသည် နီဗာဆိုင်ကလုန်း အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချဉ်းကပ်လာစဉ်ကတည်းက မဟာလျှပ်စစ်ဓာတ်အား လိုင်း ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံ၏ တောင်ဘက် တမီးလ်နာဒူ၊ အင်ဒရာပရာဒေ့ရှ်နှင့် ပူဒူချယ်ရီ စသည့် ပြည်နယ်နှင့် ဒေသများရှိ မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်ထားသည်။ ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်း နိုင်ဖွယ်ရှိသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အတွက် ပြည်နယ်နှင့် အမျိုးသားကူညီကယ်ဆယ်ရေးဝန်ထမ်း ထောင်နှင့်ချီ အဆင်သင့် ဖြန့်ကြက်ထားကြောင်း သိရသည်။
တမီးလ်နာဒူပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခြံဝင်းအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဖော်ပြထားသည်။ ထို့ပြင် ပြည်နယ်၏ မြို့တော် ချင်နိုင်းရှိ လေဆိပ်များမှ လေယာဉ်ပျံသန်းလုပ်ဆောင်မှုနှင့် ဒေသအတွင်းပြေးဆွဲသည့် ရထားလိုင်းများကိုလည်း ယနေ့ နံနက်ပိုင်းအထိ ပိတ်ထားသည်။
နီဗာမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်၌ တိုက်ခတ်စဉ် အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အဆင့်သတ်မှတ်ထားသော်လည်း အိန္ဒိယနိုင်ငံတောင်ဘက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် အားပျော့သွားကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောကြားသည်။ အဆိုပါမုန်တိုင်းသည် နာရီအနည်းငယ်အတွင်း နိုင်ငံ၏ မြောက်ဘက်သို့ ဦးတည်ရွေ့လျားသွားကာ ပိုမိုအားပျော့သွားကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဂျေတီ