ကျွန်းစု ၂၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေပြည့်အော်ကျေးရွာအရှေ့ တစ်မိုင်ခန့်အကွာ၌ ငါးများနှင့် လင်းရှူးများ တရားမဝင် ဖမ်းဆီးခဲ့သော စက်လှေတစ်စီးအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ နိုဝင်ဘာ ၂၅ ရက်နေ့ ညက တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောပြားကြီးကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာ အရှေ့တစ်မိုင်ခန့်အကွာ၌ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ကွက်ကဲမှုအောက်ရှိ စစ်ရေယာဉ်က တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ လုပ်ငန်းလိုင်စင်မရှိဘဲ ငါးများနှင့် လင်းရှူးများ တရားမဝင် ဖမ်းဆီးထားကြောင်း တွေ့ရှိခဲ့ရပြီး စစ်ဆေးမေးမြန်းရာ အဆိုပါလှေသည် လွန်ခဲ့သော (၂)ပတ်ခန့်က မြိတ်မြို့မှ ထွက်ခွာလာပြီး ကျွန်းစုမြို့နယ်ပိုင် ဂျာဘုတ်ကျွန်း အနီးပတ်ဝန်းကျင်တွင် ငါးများ ဖမ်းဆီးခဲ့ပြီးနောက် ရရှိထားသော ငါးများ ရောင်းချနိုင်ရေးအတွက် ပြညန်လည်ထွက်ခွာလာစဉ် ဖမ်းဆီးရခြင်းဖြစ်သည်။
ထိုနောက် ကျွန်းစုမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ ဖမ်းဆီးရမိခဲ့သော အရှည်(၈)ပေ(၁)လက်မ၊ လုံးပတ်(၄)ပေ အရွယ်အစားရှိ လင်းရှူး တစ်ကောင်နှင့် (၇)ပေ(၆)လက်မ၊ လုံးပတ်(၄)လက်မ အရွယ်စားရှိ လင်းရှူး တစ်ကောင်၊ စုစုပေါင်း (၂)ကောင်နှင့် လှေလုပ်သား(၈)ဦးအား လာရောက်အပ်နှံခဲ့ရာ အဆိုပါလင်းရှူးနှစ်ကောင်အား မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီလင်းထွဋ်နှင့် တာဝန်ရှိသူများက မြေမြှုပ်ဖျက်စီးခဲ့ပြီး လှေသား(၈)ဦးအား ခွင့်ပြုငါးဖမ်းလိုင်စင် မရှိခြင်း၊ တားမြစ်ထားသော ငါးမျိုးစိတ်များ ဖမ်းဆီးခြင်းများကြောင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ(၄၄)ဖြင့် ကျွန်းစုမြို့မရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


