စေတုတ္တရာ ၂၇ နိုဝင်ဘာ
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ဒုန်ချောင်းအုပ်စု၊ ကင်ပွန်းခြုံကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်း (၅)ဧကတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection) ဆောင်ရွက်ရာတွင် ဒုန်ချောင်းအုပ်စု၊ ကင်ပွန်းခြုံကျေးရွာရှိ တောင်သူ(၄)ဦး၏ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း (၅)ဧကတွင် ပင်ပွားကျာဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှိုသီးရောဂါကျရောက်သော အပင်အနှံများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပေါင်းမြက်များ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ကွင်းဝန်ထမ်းများက စိုက်ခင်းတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


