တံတားဦး ၂၇ နိုဝင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးပြီး အသက်(၁၀)နှစ် အောက်ကလေးငယ်များအား အာဟာရနွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ဟံသာဝတီကျေးရွာအုပ်စု တောင်တွင်းကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပဆောင်ရွက်ကြသည်။
အာဟာရနွားနို့တိုက်ကျွေးရာသို့ တံတားဦးမြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များက တောင်တွင်းကြီးဘုန်းတော်ကြီးကျောင်းရှိ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား အာဟာရနွားနို့တိုက်ကျွေး ကြသည်။ အာဟာရနွားနို့များကို တပတ်လျှင် (၂)ကြိမ်ဖြင့် တိုက်ကျွေးမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ ခန္ဓာကိုယ် အရိုးအဆစ်များသန်မာရေး၊ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ဖြစ်စေရေးအတွက် ငယ်စဉ်ကတည်းကမှ အသက်ဆယ်နှစ်အထိ တိုက်ကျွေးလျှင် ကျန်းမာကြံ့ခိုင်ပြီး သန်စွမ်းမှုများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် တောင်တွင်းကြီးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အသက် ဆယ်နှစ်အောက် ကလေးငယ် (၄၂)ဦးနှင့် ဘုရားကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်(၁၇)ဦး တို့အား အာဟာရနွားနို့တိုက်ကျွေးကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


