ပူတာအို ၂၇ နို၀င်ဘာ
ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန ပူတာအိုမြို့ နယ်မီးသတ်စခန်း တွင် တာ၀န်ထမ်းဆောင်သည့် တပ်ဖွဲ့၀င်များ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် လေးခန်းတွဲလေးထပ်၀န်ထမ်းအိမ်ရာပန္နက်တင် အခမ်းအနားကို နို၀င်ဘာ ၂၇ ရက် နံနက် ၈ နာရီက အဆိုပါ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။
အဆိုပါ ၀န်ထမ်းအိမ်ရာကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် နို၀င် ဘာ ၂၅ ရက်တွင် စတင်ကာ ၂၀၂၁-ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင်အပြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး GOLDEN TRIPLE LION Co.,Ltd ဆောက်လုပ်ရေးကုမ္ပဏီက တင်ဒါအောင်မြင်သည့် ကျပ်သန်းပေါင်း (၃၂၆.၀၀၀)သန်းဖြင့် ၀န်ထမ်းအိမ်ရာ (၅၁ပေ×၆၁.၅ပေ×၄၅ပေ) လေးခန်းတွဲလေးထပ် RC အဆောက်အအုံ အမျိုးအစားကို တာ၀န်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပန္နက်တင်အခမ်းအနားတွင် ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်၀င်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေတို့က မင်္ဂလာအချိန် ကျရောက်သည်နှင့်တပြိုင်တည်း သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်ရိုက်ပေးကြပြီး အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


