ကျိုက်မရော ၂၇ နိုဝင်ဘာ
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအထိက လေးငယ်များအား လစဉ် ပုံမှန်ကာကွယ် ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစ၍ ရန်မျိုးအောင်ရပ်ကွက် ကျန်းမာရေးဆေးပေးခန်း၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများက အသက်နှစ်လမှ တစ်နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပါးစပ်ပိတ်နှာခေါင်းစည်း mask များ တပ်ဆင်စေခြင်း၊ ဆေးခန်းအတွင်း မဝင်ခင် လက်သန့်ဆေးရည်များဆေးခြင်း၊ face shield အကာများကို ကလေးမိခင်များနှင့် ကလေးငယ်များအား တပ်ဆင်၍ တစ်ဦးနှင့် တစ်ဦး ၃ ပေအကွာတွင် ထား၍ လူစုလူဝေးမ ဖြစ်ပေါ်စေရန် အလှည့်ကျစနစ်ဖြင့် ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ဝမ်းရောဂါကာကွယ်ဆေး၊ အရွယ်အလိုက် လစဉ် ဘီစီဂျီ ဆုံဆို့ ကြက်ညှာ မေးခိုင်ကာကွယ် ဆေးများကို ထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စနစ်တကျ လက်ဆေးနည်းများ မိမိကစ၍ ကိုဗစ်ရောဂါကာကွယ်ပါ စသည့်အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် သူနာပြု အုပ်ဆရာမကြီး ဒေါ်သိန်းသိန်းမွန်ထံက သိရသည်။
ချိုချို (ပြန်/ ဆက်)


