မင်းဘူး ၂၇ နိုဝင်ဘာ
မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တည်းခိုဆောင်များ၊ ဈေးဆိုင်များ ခင်းကျင်းကာ ကျင်းပရန် အစီအစဉ် မရှိတော့ဘဲ ဒေသဓလေ့ထုံးတမ်းအရ တပို့တွဲလဆန်း ၅ ရက်နေ့တွင် သြဝါဒဆရာတော်ကြီးများက အောက်စက်တော်ရာ ဖန်အုပ်ဆောင်းနှင့် အထက်စက်တော်ရာ ခြေတော်ရာ သံတံခါးကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ က သိရသည်။
“အရင်နှစ် ပွဲတော်ကာလတစ်ဝက်လောက်ကတည်းက ကပ်ရောဂါကြောင့် ပိတ်လိုက်ရပါတယ်။ ဒီနှစ်မှာလည်း မကျင်းပဖြစ်တော့ပါဘူး။ ပွဲတော်ကျင်းပမယ်ဆိုရင် နိုဝင်ဘာလကတည်းက ပြင်ဆင်ရတာပါ။ ခုက ပွဲတော်ကျင်းပမယ့် သောင်ပြင်ကို မပြင်တော့ဘူး။ တံတားတွေ မထိုးတော့ဘူး။ အထူးတံတားနေရာမှာ ဝါးတံတား လေးပဲရှိတယ်။ ဒီနှစ်က လေလံတွေ ၊ ဆိုင်ခန်းတွေ ၊ တည်းခိုဆာင်တွေ လုပ်ဖို့မလိုတော့ပါဘူး ” ဟု ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုး က အတည်ပြုပြောကြားသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းတွင် ဘုရားပွဲတော်ကျင်းပရေးအတွက် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် သြဝါဒခံယူပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ရွှေစက်တော်ဘုရားအတွက် သီးသန့်ဖွဲ့ထားသည့် သြဝါဒစရိယ ဆရာတော်ကြီး(၉)ပါး ကြွရောက်ခဲ့ကာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
သြဝါဒခံယူပွဲတွင် ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာနဲ့အဝှမ်းဖြစ်ပွားလျက်ရှိနေဆဲ ဖြစ်ပါသဖြင့် ယခုနှစ်မှာ ဗုဒ္ဓပူဇနယ ပွဲတော်ကျင်းပရန် အခွင့်အလမ်း နည်းပါးလျက်ရှိပါတယ်ဘုရား။ ထိုသို့နည်းပါးသည့်အတွက် ပွဲတော် ခင်းကျင်းမည့် သောင်ပြင်ကိုလည်းပဲ ယမန်နှစ်များကကဲ့သို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားခြင်း မရှိသေးပါဘုရား။ အောက်ခြေတော်ရာ ပါဒခြေတော်ရာ အလင်းပေါက်ဖန်အုပ်ဆောင်းနှင့် အထက်ပါဒ စက်တော်ရာ တို့ကို ဖွင့်လှစ်ရန် သင့်မသင့် နှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို မိန့်ကြားပေးစေလိုပါတယ်ဘုရား။ ရှေးထုံးတမ်း အစဉ်အလာ များကိုလည်း ထည့်သွင်း စဉ်းစား ပေးစေလိုပါတယ်ဘုရား ” ဟု လျှောက်ထားခဲ့သည်။
ဆရာတော်ကြီးများက တပို့တွဲလဆန်း ၅ ရက်နေ့သို့ ရောက်လျှင်၊ ကိုဗစ်ကာလ ဖြေလျော့မှုများ မရှိသေး ဘူးဆိုလျှင် ထုံးတမ်းစဉ်လာအရ အောက်စက်တော်ရာ ဖန်အုပ်ဆောင်းနှင့် သံတံခါးပိတ်ထားသည့် အထက်စက်တော်ရာကို ဆရာတော်ကြီး ငါးပါးပင့်ပြီး အကျဉ်းရုံး ၍ ဖွင့်လှစ်ပေးရန် သြဝါဒပေးခဲ့သည်ဟု ဂေါပကအတွင်းရေးမှူး က ဆိုသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကို ဖွင့်ခွင့်ပေးလာပါက ပြန်ဖွင့်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားသည့် သတင်းများ ကြားရကြောင်း၊ ကပ်ရောဂါအခြေအနေ အပြောင်းအလဲများကြောင့် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ပုံမှန်ကျင်းပခွင့်ရလာပါကလည်း အရေးပေါ်ပြင်ဆင်ရမည့် အခြေအနေဖြစ်ကြောင်း၊ လတ်တလောတွင် လှေတင်တံတားမှနေ၍ ဘုရားဖူးများဝင်ခွင်မပြုဘဲ ပိတ်ထားပြီး ဘုရားဖူးမြော်ခွင့်မှာ ကပ်ရောဂါအခြေအနေပေါ် မူတည်ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုး ထံက သိရသည်။
ဇေယျတု(မကွေး)


