လိပ်သို  ၂၇  နို၀င်ဘာ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာတွင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး  (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်  အခမ်းအနားကို နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က  ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ  အဖွင့်အမှာစကား ပြောကြားရာတွင်  နို၀င်ဘာလ ၂၅ ရက်နေ့  အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု  ရပ်တန့်ရေးနေ့  ဖြစ်ပေါ်လာပုံအကြောင်း  ရှင်းလင်းဆွေးနွေး ခဲ့သည်။

 

ထို့နောက်  ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဧရိယာမန်နေဂျာ ဆရာမ နော်အယ်ဖော က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် မိမိတို့၏ ပတ်၀န်းကျင်မှ မြင်တွေ့နေရသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဖြစ်သော အိမ်တွင်းအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပပျောက်ဖို့ ပူပေါင်းပါ၀င်လာပြီး ကူညီဆောင်ရွက်တတ်လာစေရန် စသည့် အကြမ်းဖက်မှုတို့၏ အဓိပါယ်နှင့် ဖြစ်စဉ်တို့ကို နားလည်သိရှိစေရန် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး သံတောင်ကြီးမြို့နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်း က (၁၆) ရက်တာ လှုပ်ရှားမှုဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဖဲကြိုးဖြူနေ့ အကြောင်းများကို ဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။

 

အဆိုပါ အခမ်းအနားကို  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)