လေးမျက်နှာ ၂၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ယနေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဌေးဝင်း၊ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီး ဉီးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရေးဂိတ်များသို့ သွားရောက် စစ်ဆေးခဲ့သည်။
ရောဂါစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ခရီးသွားမှတ်တမ်း ရယူနေမှု အခြေအနေများအား ကြည့်ရှု့အားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ဆေးရေးဂိတ်များတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေ ငါးသိန်းတိတိ အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ လေးမျက်နှာမြို့နယ်တွင် စွန့်လွတ်မြေများအား ပြန်လည်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်ဉီးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက မူလတောင်သူ ၁၈ ဉီးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ပေးအပ်ခဲ့ပြီး ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) ရရှိသည့် တောင်သူများကိုယ်စား တောင်သူတစ်ဉီးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


