နေပြည်တော်  ၂၇  နိုဝင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိသည့် တောတွင်းဖြတ်လျှောက် လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗောတံတား တည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ် ဗောတံတား တည်ဆောက်နေမှု လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ယာယီရှင်းလင်းဆောင် တွင် မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတို့က လိုအပ်ချက် များကို ဖြည့်စွက်ဆွေးနွေးကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တောတွင်းလျှောက်လမ်းအား သဘာဝအတိုင်း မြေသားလမ်းအတိုင်းဆောင်ရွက်ရန်၊ တံတားအဆင်းအတက်နေရာများတွင် မချော်အောင် စီမံဆောင်ရွက်ရန်၊ အပန်းဖြေနားနေရန် လာရောက်ကြသည့် သက်ရွယ်ကြီးသူများနှင့် ကလေးငယ်များ ဘေးန္တရာယ်ကင်းရှင်းရေးအတွက် တံတားလက်ရန်းများ၊ အကာများကိုလည်း ခိုင်ခံ့အောင်ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဘေးအန္တရာယ်မဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုပ်သားများကိုလည်း စားသောက်ရေး၊ နေထိုင်ရေးများ၌ ကျန်းမာရေးဦးစီးဌာနက ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင် ဆောင်ရွက်ရန်အတွက် အထူးကြပ်မတ်ဆောင်ရွက်ရန်၊ တောတွင်းလျှောက်လမ်း ရေတိုက်စားသည့်နေရာများ၌ နုန်းတားဆည်ငယ်များ တည်ဆောက်ရန်၊ နေရာလွတ်များ၌လည်း ဒေသသစ်မျိုးနှင့် ဝါးမျိုးများ စိုက်ပျိုးရန်၊ မူလဂေဟစနစ်အား မပျက်စေဘဲ ပြည်သူများလေ့လာ အပန်းဖြေနိုင်စေရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဆင်များ၏ ကျန်းမာရေးနှင့် အစာရိက္ခာဖူလုံစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာ ကြားသည်။

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်‌ (၂၁၇/၀)တွင် တည်ရှိပြီး၊ ပြည်သူများအပန်းဖြေနားနေနိုင်ရန်အတွက် ဆင်စခန်းအပြင်၊ တောတွင်း လျှောက်လမ်းနှင့် ရွက်အုပ်ဖြတ်လျှောက်လမ်းများ စီစဉ်ထားရှိသည်။ ထို့အပြင် မိသားစုအလိုက် ထမင်းစား၊ အပန်းဖြေနားနေနိုင်ရန်အတွက် တဲငယ်များကိုလည်း သဘာဝအတိုင်း စီစဉ်ထားကြောင်းသိရှိရသည်။ 

ကိုဗစ်လွန်ကာလ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ဆန်းသစ်မှုများစွာဖြင့် ပြည်သူတို့အား စိတ်အပန်းဖြေ နိုင်စေရေးအတွက် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်းနှင့် ရေပေါ်တံတား စုစုပေါင်း ပေရှည် ၄၈၁၇ပေ ကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ယခုအခါ တည်ဆောက်မှုလုပ်ငန်းစဉ် ၄၀ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ်(၂၁၉/၀)၊ တောင်ညိုကြိုးဝိုင်းအကွက်အမှတ် (၇၅)ရှိ ၁၉၈၆ခုနှစ်၊ ပိတောက် ပင်ကြပ်နုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ပင်ကြပ်နုတ်စိုက်ခင်းအတွင်း သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စိုက်ခင်းအား နမူနာကွက်များခွဲ၍ ပင်ကြပ်နုတ် နည်းအဆင့် အမျိုးမျိုးဖြင့် ပင်ကြပ်နုတ် ဆောင်ရွက်ခဲ့ပြီး ကြီးထွားရှင်သန်မှု အကောင်းဆုံးဖြစ်သည် ပင်ကြပ်နုတ် နည်းအဆင့်ကို ရှင်းလင်းတင်ပြရာ သစ်တောဦိးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိအသုံးပြုလျက်ရှိသည့် ပင်ကြပ်နုတ်နည်းအပြင် နိုင်ငံတကာ တွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ပင်ကျပ်နုတ်နည်းစနစ်ကို စမ်းသပ်ဆောင်ရွက်နေမှုကို ဖြည့်စွက်တင်ပြသည်။ 

ပြည်ထောင်စုဝန်ကြီးက ယခုချမှတ်ထားသည့် နမူနာကွက်များကို အမြဲတမ်း နမူနာကွက်အဖြစ် သတ်မှတ်ထားရှိ၍ နမူနာအကွက်အလိုက် ဆောင်ရွက်ခဲ့သည့်  ပင်ကြပ်နုတ်နည်း စနစ်များကို မှတ်တမ်းပြုစုထားရှိရန်၊ နမူနာကွက်အလိုက် အပင်များ၏ ကြီးထွားမှုအခြေအနေကို မှတ်တမ်းထားရှိရန်နှင့် သစ်တောသုတေသီများအတွက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနစာတမ်း တစ်စောင်ပေါ်ထွက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်