ပျဉ်းမနား  ၂၈   နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ကာ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ထွန်းကျော်က ကြီးကြပ်၍ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့က မြို့နယ်အတွင်းရှိ (11 kv) နှင့် (0.4 kv) ဓာတ်အားလိုင်း တစ်လျှောက် အန္တရာယ်ရှိ သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းကြောင်း သိရသည်။

 

ထိုသို့ ဓာတ်အားလိုင်းတစ်လျှောက် အန္တရာယ်ရှိ သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမှုနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ထွန်းကျော်က သစ်ပင်သစ်ကိုင်းတွေကြား လျှစ်စစ်ဓာတ်အား လိုင်းများရှိနေလျှင် လေတိုက်သည့်အခါ ကြိုးများပူးပြီး ပြည်သူများ မလိုလားအပ်တဲ့ လျှပ်စစ်အန္တရာယ်ရှိနိုင်သည့်အပြင် ကြိုးများပျက်ကြနိုင်ကြောင်းနှင့် သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်အားလိုင်းထိစက်နေမှုကြောင့် ဗို့အားများကျဆင်းခြင်း၊ လျှပ်စစ်ဓာတ်အားများ လေလွှင့်ပျောက်ဆုံးခြင်းများ ဖြစ်နိုင်သောကြောင့် ခုတ်ထွင်ရှင်းလင်းရခြင်း ဖြစ်ကြောင်းနှင့် ခုလိုခုတ်ထွင်ရှင်းလင်းတဲ့အခါမှာ ပြည်သူများသုံးစွဲနေသည့် လျှပ်စစ်မီးလိုင်းများကို ဖြတ်တောက်ခြင်းမပြုဘဲ လျှပ်စစ် ဝန်ထမ်းများ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ကြောင်း  ပြောသည်။

 

ဆက်လတ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၀န်ထမ်းများသည်  လျှပ်စစ်အန္တရာယ်ကင်းဝေးရေး မြို့နယ်အတွင်းရှိ ထရန်စဖာများတွင် လျှပ်စစ်အန္တရာယ် သတိပေးပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)