ဂန့်ဂေါ ၂၈  နိုဝင်ဘာ 

ဂန့်ဂေါမြို့နယ်တွင် နိုင်ဝင်ဘာ ၃ ရက်က ရွာသွန်းခဲ့သောမိုးကြောင့် မြစ်ချောင်းများရေလျှံသဖြင့် ဆောင်းသီးနှံ စိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးခဲ့သောသီးနှံများအား ပြန်လည်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးအပါအဝင် ထောပတ်ပဲ၊ ပဲတီစိမ်း၊ စွန်တာနီ၊ ပဲယင်း၊ ပဲနောက် စသည့် ဆောင်းသီးနှံများ စုစုပေါင်း သီးနှံ (၁၀)မျိုး စိုက်ဧက (၁၀၅၃) ဧက ထိခိုက်ပျက်စီးခဲ့ရာ မိုးစပါးပျက်စီးဧက ၃၂ ဧကတွင် စားတော်ပဲ ၂၂ ဧကနှင့် ကုလားပဲ (၁၀) ဧကကိုလည်းကောင်း၊ အခြားဆောင်းသီးနှံစိုက်ခင်းနေရာများတွင် မူလသီးနှံကို ပြန်လည်၍ လည်းကောင်း၊ စားတော်ပဲနှင့် ပဲယင်းကို အစားထိုး၍လည်းကောင်း ပြန်လည်စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပြန်လည်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုအခြေအနေကို သိရှိနိုင်ရန်နှင့် ကြိုတင် ကာကွယ်နှိမ်နင်းမှုပြုနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးသူရဇော်နှင့် ဝန်ထမ်းများ သည် ယနေ့တွင် တောင်ယာပြင်ကျေးရွာနှင့် ကျွန်းဒတ်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ရေကြီးနစ်မြုပ်သဖြင့် ပြန်လည်စိုက်ပျိုးထားသည့် ပဲနှင့် မြေပဲသီးနှံများတွင် ပင်ရင်းပုပ်ရောဂါ ကျရောက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းတတ်စေရန် တောင်သူများနှင့် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးကျော်သန်းဆွေ