မုံရွာ   ၂၉   နိုဝင်ဘာ

အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၄)ခုအတွင်း ပါဝင်သော မြို့နယ် (၁၀)မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၄၀၀)ကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သစ်တောသစ်ပင်များမှရရှိမည့် အကျိုးကျေးဇူးများကို ကျေးလက်ဒေသနေပြည်သူများ နားလည်သိရှိစေပြီး သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ မိမိတို့ စိုက်ပျိုးသော သစ်တောသစ်ပင်များမှ ထွက်ရှိသည့် သစ်နှင့်ထင်းများကို စနစ်တကျအသုံးပြုတတ်စေရန် ကျေးရွာသုံး ထင်းစိုက်ခင်းများကို စိုက်ပျိုးပေးခြင်းဖြစ်သည်။

 

အပူပိုင်းဒေသမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်က ရှင်သန်းဖို့ဆိုတာ နှစ်အများကြီးကြာတယ်၊ စိုက်ပျိုးမှုမရှိဘဲ ခုတ်ယူမှုသာရှိနေမယ်ဆိုရင် ရေရှည်မှာ အပူပိုင်းဇုန်အတွင်းက ရုန်းထွက်ဖို့ မလွယ်ကူဖြစ်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့ဌာနက ဦးစီးပြီး ကျေးရွာသုံးထင်းစိုက်ခင်းတွေကို တည်ထောင်စိုက်ပျိုးပေးတာ ဖြစ်တယ်။ ကျေးရွာတစ်ရွာကို တစ်ဧကစိုက်ပေးတယ်။ အဲဒီမှာ ဌာနက ဝန်ထမ်းတွေဦးစီးပြီး စိုက်ခင်းကိုဖော်ဆောင်ပေးမယ်၊ အပင်ရှင်သန်ဖို့ကို လုပ်ဆောင်ပေးပြီး စိုက်ခင်း စနစ်တကျပေါ်လာပြီဆိုရင် ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ကို စာရွက်စာတမ်းနဲ့ စနစ်တကျလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။

 

ကျေးရွာသုံးထင်းစိုက်ခင်း စိုက်ပျိုးမည့်အစီအစဉ်အဖြစ် အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့တွင် (၁၆၅)ဧကအားလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ  မြို့နယ် (၃)မြို့နယ်တို့တွင် (၁၁၀) ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်တို့တွင် (၇၅) ဧက အားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြင်းမူမြို့နယ်တွင် ဧက(၅၀)အားလည်းကောင်း လာမည့် မိုးရာသီတွင် စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)