သုံးခွ  ၂၉  နို၀င်ဘာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီးသွားသော တောင်သူတို့သည် လယ်မြေတွင် အစိုဓာတ်ရှိချိန်အတွင်း ဆောင်းသီးနှံပဲတီစိမ်း အချိန်မီစိုက်ပျိုးရန် ထွန်စက်ကြီးများဖြင့် ထွန်ယက်လျက်ရှိကြောင်း သိရှိရသည်။

 

ရန်ကြီးအောင်ကျေးရွာအုပ်စု မြစ်ကျိုး တဲတန်း မှ ပဲတီစိမ်းရေဆင်း ၅၅ ဧကစိုက်ပျိုးမည့်တောင်သူ ဦးမျိုးဇော်က ၄င်း၏ လယ်တွင် ပဲတီစိမ်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် မိုးစပါးများ ရိတ်သိမ်းပြီးနောက် ပထမဦးစွာ လယ်ယာမြေများထဲတွင် ရေမရှိသောအချိန် မြေခြောက်သွေ့သောအခါ ကောက်ရိုးပြတ်များကိုမီးရှို့ ရှင်းလင်းဖယ်ရှား ရကြောင်း၊ ထို့နောက် သံဗန်းများ တပ်ဆင်ထားသော ထွန်စက်ကြီးများဖြင့် လယ်အတွင်းမြေစိုင်မြေခဲများဖြစ်အောင် တစ်လွှာမြေကြီးလှန်၍ နှစ်ရက်သုံးရက် မြေစိုင်ခဲများခြောက်အောင် ထားရကြောင်း ထို့နောက် မြေညက်အောင်နှစ်လွှာ ထပ်မံထွန်ယက်ရပါကြောင်း ဆက်လက်၍ ရွှေမြေသီး ဓာတ်မြေသြဇာကို မြေခံအဖြစ်ထားကာ ထွန်စက်ကြီးများဖြင့် တစ်လွှာထွန်ယက်ပြီးနောက် မျိုးပဲကြဲကာ တစ်လွှာထပ်မံထွန်ယက်၍ မြေကြီးဖြင့်ပဲမျိုးစေ့များ ဖုံးအုပ်အောင် ပြုလုပ်ရကြောင်းပြောကြားခဲ့သည်။ ပဲတီစိမ်းစိုက်ပျိုးရာတွင် လယ်ယာမြေအမျိုးအစား ပြုစုပျိုးထောင်ပုံနည်းစနစ် ကောင်းမွန်မှု၊ စိုက်ပျိုးချိန်၊ ဆွတ်ခူးချိန် ရာသီဥတုကောင်းမွန်ပြီး ပိုးမွှားအန္တရာယ် ကင်းစင်ကာကျရောက်မှု နည်းပါးပါက တစ်ဧကတင်း၂၀ ကျော် ထွက်နိုင်ကြောင်း သိရှိရသည်။

 

သုံးခွမြို့နယ်တွင် ပဲတီစိမ်းရွှေဝါနှင့် ရေဆင်းကို အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်နှစ်လခွဲ အကြာတွင် ဆွတ်ခူးရကြောင်း သိရှိရသည်။ မျိုးပဲတစ်တင်း (ပိဿာ၂၀) လျှင် နိုဝင်ဘာ ၂၉ ရက် ပေါက်စျေးမှာ ၄၈၀၀၀ (လေးသောင်းရှစ်ထောင်) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

 

သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၅၀၀၀၀) ကျော်စိုက်ပျိုးထာရှိပြီး ယခုဆောင်းသီးနှံ ပဲတီစိမ်းစိုက်ဧက (၁၃၀၀၀) ကျော် စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စည်သူလင်း (ပြန်/ဆက်)