မြင်းခြံ  ၂၉  နိုဝင်ဘာ

 

                        မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ လူစည်ကားရာ လမ်းဆုံ(၃)ခုတွင် လမ်းသွား လမ်းလာပြည်သူများ မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်နိုင်ရေး လှုပ်ရှားမှုအဖြစ် ပရဟိတ အသင်း(၃)သင်းပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီ အချိန်မှ စတင်ကာ ဖြန့်ဝေပေးခဲ့သည်။

 

                        "ပြည်သူများ အပြင်ထွက် သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကနေ ပေးအပ်တဲ့ နှာခေါင်းစည်း အခု(၁၅၀၀၀)ကို မြင်းခြံမြို့ လူစည်ကားရာ လမ်းဆုံ တွေဖြစ်တဲ့ ဂရိတ်မီးပွိုင့်၊ ပုညသဟာရမီးပွိုင့်၊ မြို့လယ်နာရီစင် စတဲ့နေရာတွေမှာ နှာခေါင်းစည်း အခုရေ(၁၀၀၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း ပန်းပျိုးလက်ပရဟိတအသင်းဥက္ကဌ ဒေါ်မေသူအောင် က ပြောသည်။

 

                        ထို့သို့ ဖြန့်ဝေရာတွင် ပန်းပျိုးလက်ပရဟိတအသင်း၊ Forever Friends လူငယ် ပရဟိတအသင်းနှင့် We Are Family ပရဟိတအသင်းတို့ ပူးပေါင်းကာ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသည့် နှာခေါင်းစည်း (၅၀၀၀) အား ကိုဗစ်လူနာများတွေ့ရှိသော ရပ်ကွက်များသို့ လိုက်လံပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။      

 

            ကျော်စွာ(မြင်းခြံ)