ရန်ကုန် ၂၉ နို၀င်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အများပြည်သူအသုံးပြုနိုင်ရန် ရေကူးကန်ကြီးတခုကို ငွေကျပ်သိန်း ၁၉၀၀၀ ကျော် ကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ရေကူးအားကစားသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ ပြည်သူလူထုအပန်းဖြေဖို့၊ အားကစားရပ်ဝန်းအဖြစ် ပြုလုပ်သွားဖို့ ရေကူးကန်ကို တည်ဆောက် သွားမယ်။ ရေကူးအားကစားသမားတွေမွေးထုတ်ဖို့၊ စဉ်ဆက်မပျက် ဆောင်ရွက်သွားမယ်။ နောက်ပိုင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲကို ကချင်ပြည်နယ်က အိမ်ရှင်လုပ်ဖို့ရှိမယ်။ ပြည်နယ်မှာက ပြည်သူတွေ အပန်းဖြေဖို့ နေရာရှားတယ်။ ရေကူးချင်ရင်တောင်မှ မိသားစု စိတ်ချလုံခြုံပေးနိုင်တဲ့ နေရာမရှိဘူး။ ရေကူးကန်ကြီးပြီးသွားရင် ပြည်များကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စီစစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူက ပြောသည်။
အဆိုပါရေကူးကန်ကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ၂၄ ဒသမ ၆၆၂ ဧက ကျယ်ဝန်းတဲ့ ငြိမ်းချမ်းသာယာကားကြီးကွင်းအဟောင်းတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရေကူးကန်တွင် ပြေးလမ်း ၁၀ လမ်း၊ ပွဲကြည့်စင်၊ ရေကူးကစားသမားများအတွက် အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်၊ အဝတ်လဲခန်း၊ ရေကူးဝတ်စုံငှားရမ်းခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အာကာစိုး


