ဝန်းသို  ၂၉  နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပူပြင်းခြောက်သွေ့သောနွေရာသီတွင် သောက်သုံရေ ဖူလုံစွာရရှိစေနိုင်ရေး နှစ်စဉ်ရေရရှိရေးလုပ်ငန်းများကို ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများမှ လက်ရှိရေသုံးစွဲမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးပြီး အချက်အလက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ အချက်အလက်များကောက်ယူရာတွင် ကျေးရွာများတွင် လက်ရှိရေသုံးစွဲမှုအခြေအနေ၊ နွေရာသီ သောက်သုံးရေပြတ်လပ်နိုင်မှုရှိမရှိ၊ ရေအရင်းအမြစ်ရရှိနိုင်မည့်နည်းလမ်း၊ စက်ရေတွင်းလျာထားပေးပါက မြေနေရာ ရရှိနိုင်မှုအခြေအနေ၊ ကျေးရွာမှရေရရှိရေးလုပ်ငန်းကို ထိန်းသိမ်းနိုင်မှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်း၍ အချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်ရေး ဖြစ်နိုင်စွမ်း( Facility Survey) ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်း သိရပြီး ဝန်းသိုမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက်မူလ၊ မွမ်းမံ၊ ပြင်ထိန်းလုပ်ငန်းများဖြင့် ဘတ်ဂျက်လျာထားခြင်းအပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့ဖြင့် ရေရရှိရေး လုပ်ငန်းပေါင်း (၁၀၀)ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က ပြောသည်။

မွှေးကြူဇင်