၃၀  နိုဝင်ဘာ

မကြာခင်ကာလမှာ ရုပ်မြင်သံကြားကနေတစ်ဆင့် အွန်လိုင်းကနေပြီး ကျန်းမာရေးကောင်းဖို့အတွက် ရည်ရွယ်ထားတဲ့ အကပြိုင်ပွဲတွေလည်းလုပ်ဖို့ စီစဉ်နေပါတယ်။ ပြည်သူတွေအနေနဲ့ အကတော်ရင်ဆုလည်း ရနိုင်တယ်။ ဒါလုပ်ခြင်းအားဖြင့် စိတ်သက်သာမှုလည်း ရနိုင်တယ်။ ကျန်းမာရေးလည်း ပိုပြီးတိုးတက်နိုင်ပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ကျွန်မ အကြိမ်ကြိမ်အခါခါ ပြောပါတယ်။ အခြေခံကျန်းမာရေးကောင်းတဲ့ ပုဂ္ဂိုလ်များဟာ ဒီရောဂါရရင်တောင်မှ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ ဒါကြောင့် အခြေခံ ကျန်းမာရေးကောင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံမှာသာမကတခြားနိုင်ငံ တွေမှာလည်း အခုတွေ့လာရတာတော့ ဆီးချိုရောဂါသည်များဟာ ကိုဗစ်ရောဂါကို သိပ်ပြီးတော့ သတိထားရပါလိမ့်မယ်။ ဆီးချိုရောဂါအခံရှိတယ်ဆိုရင် ကိုဗစ်ရောဂါရတဲ့အခါ ပြင်းထန်တတ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိတဲ့ပြည်သူတွေ တော်တော်များပါတယ်။ ဒါကတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေရှိခဲ့လို့ပါ။ ကျွန်မတို့ ဒါတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဒီလို အခြေခံကျန်းမာရေး ကောင်းတယ်ဆိုတာ နေ့ချင်း ညချင်း မဖြစ်သွား ပါဘူး။ နှစ်ပေါင်းများစွာ။ ပြောရမယ်ဆိုရင် အမိဝမ်းတွင်းကတည်းက စတယ်လို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များကို ကလေး သန္ဓေတည်တာနဲ့စပြီးတော့ ဂရုစိုက်ရတယ်။ ကလေးလွတ်တဲ့အထိ အထူးဂရုစိုက်ပြီးတော့ ပံ့ပိုးတာတွေ လုပ်နေတာဖြစ်ပါတယ်။

(Coronavirus Disease 2019 (CoVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)