၃၀ နိုဝင်ဘာ

ဒေါက်တာစိုးရင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း)

တွေ့ဆုံမေးမြန်း- မွန်းဦးနဒီ

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာစိုးရင် ပါမောက္ခချုပ်(ငြိမ်း)အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-

မေး။ ။ ပထမဦးစွာ ဆရာကြီးရဲ့ ငယ်ဘဝနဲ့ ကျောင်းသားဘဝ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများကို ပြောပြပေးစေလိုပါတယ်ရှင့်။

ဖြေ။ ။ ဆရာ့ကို ပဲခူးမြို့မှာ မွေးတာပါ။ ပဲခူးမှာ မွေးပြီးတော့ စာသင်တာကတော့ ဟိုတုန်းက Special Grammar School ဆိုတဲ့ High School ပြင်ပကျောင်းလေးမှာ တက်တယ်။ အဲဒီကနေ အမျိုးသားတန်းမြင့်ကျောင်း National High School ကို ပြောင်းတယ်။ အဲဒီကနေ မိဘတွေ ရန်ကုန်ကို ပြောင်းတဲ့အခါ ကျောက်မြောင်းအထက်တန်းကျောင်းဆိုတဲ့ ကန်တော်ကြီးနားမှာရှိတဲ့ ကျောင်းမှာ အထက်တန်းတက်တယ်။ အဲဒီကနေ ဆယ်တန်းအောင်တယ်။ ၁၉၅၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်ကို တက်ခွင့်ရတယ်။
အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အုပ်ချုပ်တဲ့ တက္ကသိုလ်ပေါ့။ ၁၉၅၈ ခုနှစ်မှာ စတက်တော့ ပထမနှစ်မှာ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် မရခဲ့ဘူး။ ဟိုတုန်းက တက္ကသိုလ်ရဲ့ စနစ်က Combination System ဘာသာရပ်တွဲတဲ့စနစ်။ အဲဒီတော့ ပထမဦးဆုံးက ဝိဇ္ဇာတွဲနဲ့ သိပ္ပံတွဲ ပထမနှစ်မှာ ရှိတယ်။ IA နဲ့ ISA အဲဒါတွေကို၊ ဟိုတုံးက သိပ္ပံတွဲတွေကို ရန်ကင်းကောလိပ်မှာ ထားတယ်။ ဆရာက သိပ္ပံတွဲယူတဲ့အတွက်ကြောင့် ရန်ကင်းကောလိပ်မှာ တက်ရတယ်။ ဝိဇ္ဇာတွဲယူတဲ့သူတွေကို ထီးတန်းမှာထားတယ်။ ဆရာရန်ကင်းကောလိပ်မှာ ပထမနှစ် စတက်တယ်။ ဆရာက Pure Science အတွဲပေါ့။ Physics၊ Chemistry၊ Math၊ Burmese၊ English တနှစ်တက်ပြီး ISCA လို့ခေါ်တယ်။ အဲဒါအောင်ပြီးတော့ ISCB ရောက်မှ ရန်ကုန်တက္ကသိုလ်ကို ရောက်တယ်။ Science Combination အမိသိပ္ပံဆောင်ရှိတဲ့ဘက်မှာ တက်ရတယ်။ ရန်ကုန်တက္ကသိုလ်က ဟိုတုန်းကဘွဲ့နှင်းသဘင် ခန်းမကြီးအတိုင်းဝင်လာရင် ညာဘက်အခြမ်းက သိပ္ပံဆောင်ရှိတယ်၊ ဘယ်ဘက်မှာ ဝိဇ္ဇာဆောင် ရှိတယ်။

သိပ္ပံဆောင်လို့ခေါ်တာက ဟိုခေတ်က ရန်ကုန်ကောလိပ် အဆောက်အအုံပေါ့။ ဝိဇ္ဇာဆောင်ကျတော့ ဂျပ်ဆင်ကောလိပ်ပေါ့။ ဟိုတုန်းက ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းတာက ကောလိပ်စနစ်နဲ့ ဖွဲ့တာ၊ ကောလိပ်နှစ်ခု ပါတယ်။ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်ပေါ့။ ဘွဲ့နှင်းသဘင် ညာဘက်နဲ့ ဘယ်ဘက်ပေါ့။ နောက် စစ်ပြီးတဲ့ခေတ်ကျမှ ကောလိပ်စနစ်ကို ဖျက်ပြီးတော့ ရန်ကုန်တက္ကသိုလ်တစ်ခုတည်း ပြန်လုပ်တဲ့အခါကျတော့ သိပ္ပံဆောင်နဲ့ ဝိဇ္ဇာဆောင်ဆိုပြီး ခွဲလိုက်တာ။

အဲဒီတော့ ဆရာတို့က သိပ္ပံဆောင်မှာ တက်ရတော့ ISCB က Combination အတိုင်းပဲ။ ရန်ကုန်တက္ကသိုလ်ရဲ့ ဘာသာတွဲစနစ်က။ ISCB အောင်တဲ့အခါကျတော့မှ အဲဒီခေတ်က ကြိုက်တဲ့ Professional လိုင်းပေါ့။ အသက်မွေးဝမ်းကျောင်းပညာလိုင်းတွေ ခွဲလို့ရတယ်။ ခွဲဖို့ဟာ Eligible ဖြစ်ရတယ်။ အခုခေတ်ထက် ထူးခြားတာက တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ သူတိုင်းသည် Intermediate ကို အကုန်တက်ခွင့်ရတယ်။ ဝိဇ္ဇာတွဲတက်တက်၊ သိပ္ပံတွဲတက်တက် အားလုံးတက်လို့ရတယ်။ ဟိုခေတ်ကတော့ ရန်ကုန်တက္ကသိုလ်က အဓိကပေါ့။ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်၊ ပုသိမ်အစရှိသဖြင့် ကောလိပ်တွေလည်းရှိတယ်။ အဲဒီ Intermediate ပြီးတဲ့အခါကျတော့ Eligible ဖြစ်ရင် သတ်မှတ်တဲ့ အဆင့်အတန်းညီရင် သိပ္ပံတွဲတွေ ယူတဲ့လူထဲမှာ သိပ္ပံတွဲက နှစ်ခု ရှိတယ်။ Science Combination က Math နဲ့အတွဲနဲ့ Bio နဲ့တွဲတဲ့အတွဲ ရှိတယ်။ Math နဲ့တွဲတဲ့သူတွေကတော့ အင်ဂျင်နီယာဘွဲ့ ရသွားကြတယ်။ Bio ဘာသာနဲ့တွဲတဲ့သူကျတော့ ဆရာဝန်လိုင်းပေါ့။ အဲဒီစနစ်နဲ့သွားတာ။

ဆရာကတော့ Math အတွဲဆိုတော့ Eligible ဖြစ်လို့ Engineering တက်လို့ရတဲ့အတွက် သွားတက်ကြည့်လိုက်သေးတယ်။ ဟိုတုန်းက အသံလွှင့်ရုံဘက် လိပ်ခုံးလို့ခေါ်တဲ့ အင်ဂျင်နီယာအဆောက်အအုံပေါ့။ နောက်ကျမှ ကြို့ကုန်းမှာ အခု စက်မှုလက်မှုတက္ကသိုလ် အဆောက်အအုံအသစ်ကို ပြောင်းတယ်။ အဲဒီကနေ ခဏတက်ပြီးတော့ ဒီဘက်ကို စိတ်ပြန်ပါလာလို့ Science Honours နဲ့ အဆင့်မြင့်ပညာလိုင်းဘက်ကို သွားဖို့ စိတ်ကူးပေါက်တဲ့အခါကျတော့ Physics ဂုဏ်ထူးတန်းတက်ဖို့ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တယ်။ အဲဒီတုန်းက ဂုဏ်ထူးတန်းတက်တဲ့ ကျောင်းသားက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ Science Combination အကုန်တက်တဲ့ကျောင်းသားက ရာဂဏန်းလောက်ပဲရှိတယ်။ 

မေး။ ။ တက္ကသိုလ်မှာ ဆရာဖြစ်လာတဲ့အကြောင်း သိချင်ပါတယ် ဆရာကြီးရှင့်။ 

ဖြေ။ ။ ဂုဏ်ထူးတန်းတက်ပြီးတော့ ဆရာ Physics ဂုဏ်ထူးတန်းဘွဲ့ရတယ်။ အဲဒီခေတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ထူးတန်းအောင်ပြီးတဲ့ ကျောင်းသားတွေ အကုန်လုံးကို ပါမောက္ခက Demonstrator ခန့်ခွင့်ရှိတယ်။ အစိုးရက ခန့်တာ မဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ကလည်း အစိုးရလက်အောက် မဟုတ်သေးဘူး။ ဆရာတို့ ဘွဲ့ရတဲ့အချိန် ၁၉၆၃ ခုနှစ်မှာ အဲဒီအချိန်တုန်းက ရူပဗေဒပါမောက္ခ ဒေါက်တာမောင်မောင်ခက ဆရာတို့ကို တိုက်ရိုက်သရုပ်ပြ ဆရာအဖြစ် တိုက်ရိုက်ခန့်ခဲ့တယ်။ တက္ကသိုလ်ဆရာ စဖြစ်တယ်။

ဆရာစဖြစ်ပြီးတဲ့နောက် ဆရာက မဟာတန်းဆက်တက်တယ်။ ဆက်တက်ပြီးနောက်ပိုင်းမှာ တက္ကသိုလ်တွေမှာ ပြုပြင်ပြောင်းလဲရေးတွေ နိုင်ငံတော်ကလုပ်လိုက်တယ်။ စနစ်သစ်ပညာရေး ပြောင်းလဲရေးအဖြစ်ပေါ့။ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေအားလုံးကို နိုင်ငံပိုင်လုပ်လိုက်တဲ့အခါကျတော့ ဆရာတို့ ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မဟုတ်တော့ဘူး။ အစိုးရတက္ကသိုလ်ဖြစ်သွားတော့ ဆရာတို့လည်း အစိုးရအမှုထမ်းဖြစ်သွားတယ်။ အဲဒီကနေ ဆရာရာထူးတွေ တိုးတယ်။ လက်ထောက်ကထိကဖြစ်တော့ မကွေးကောလိပ်ကို ပြောင်းရတယ်။ နောက် ရန်ကုန်တက္ကသိုလ်ကို ပြန်ပြောင်းရတယ်။ ပညာရေးတက္ကသိုလ်ကိုလည်း သွားပြီးတော့ အမှုထမ်းခဲ့တယ်။

နောက် နိုင်ငံခြားကို ပညာသင်သွားရတယ်။ နိုင်ငံခြားမှာ အင်္ဂလန်နိုင်ငံ Birmingham University မှာ M.Sc. ယူတယ်။ နောက် ဆရာပြန်လာပြီးတော့ အီတလီနိုင်ငံမှာ ဖွင့်ထားတဲ့ International Theoretical Physics & Trieste University ပေါင်းဖွင့်ထားတဲ့ Centre မှာ Theatrical Physics Ph.D. ဆက်လုပ်တယ်။ အဲဒီမှာ ဆရာ ဒေါက်တာဘွဲ့ရတယ်။ အဲဒီကနေ ပြန်မလာခင်မှာ ကထိကရာထူး တိုးခံရတယ်။ အဲဒီခေတ်က နိုင်ငံခြားသွားတုန်းလည်း ရာထူးတိုးတယ်။ အဲဒီကနေ ရန်ကုန်တက္ကသိုလ် ပြန်လာတယ်။ နောက် မကွေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တွေ ပြောင်းတယ်။ အဲဒီကနေ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ရာထူးတွေတိုးတော့ တွဲဖက်ပါမောက္ခတို့၊ ပါမောက္ခတို့ ဖြစ်လာတယ်။ ဟိုခေတ်က ပါမောက္ခရာထူးက ရန်ကုန်နဲ့ မန္တလေးပဲ ရှိတယ်။ အဲဒီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လိုက်တော့၊ ရာထူးတွေတိုးတဲ့ အခါကျတော့ ဒီဂရီကောလိပ်တွေမှာ ပါမောက္ခ၊ တွဲဖက် ပါမောက္ခရာထူးအသစ်တွေ ခန့်လိုက်တော့ ရာထူးတိုးလာတယ်။

နောက်ဆရာက ပုသိမ်ဒီဂရီကောလိပ်မှာ ပါမောက္ခဖြစ်လာတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်တယ်။ အဲဒီကနေ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ်လောက်မှာ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးတာဝန်နဲ့ ပုသိမ်မှာပဲ ဆက်လုပ်တယ်။ ဒီအချိန်မှာ တက္ကသိုလ်တွေ အဆင့်မြှင့်ဖို့ လုပ်တဲ့အခါကျတော့ ဆရာက ပုသိမ်ဒီဂရီကောလိပ်ကိုလည်း ပုသိမ်တက္ကသိုလ်ဖြစ်ဖို့ ကြိုးစားတယ်။ ဒီလိုကြိုးစားမှုကို ဝန်ကြီးတွေ သဘောတူတော့ ပုသိမ်တက္ကသိုလ်ဖွင့်ဖို့ အစီအစဉ်ပေါ်လာတယ်။ 

မေး။ ။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အကြောင်းကိုလည်း သိချင် ပါတယ်ရှင်။ 

ဖြေ။ ။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲကြီးပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်က အနားယူတယ်။ ဆရာက ၁၉၉၆ ခုနှစ် အကုန်လောက်အရောက်မှာ ရန်ကုန်တက္ကသိုလ်ကို ဒုတိယပါမောက္ခချုပ် အနေနဲ့ ပြောင်းလာတယ်။ ဒီအချိန်မှာ ပုသိမ်ဒီဂရီကောလိပ်ကလည်း ပုသိမ်တက္ကသိုလ်အဖြစ် ဖွင့်ခွင့်ရတယ်။ နောက်တော့ ဆရာရန်ကုန်တက္ကသိုလ်မှာပဲ ၁၉၉၇ - ၁၉၉၈ ခုနှစ်အကုန် အကြားထဲမှာပဲ ပါမောက္ခချုပ်အဖြစ် အမှုထမ်းတာပေါ့။

တကယ်က ဆရာက ၂၀၀၁ ခုနှစ်မှာ အသက် ၆၀ ပြည့်တယ်။ ဒါပေမဲ့လည်း အဲဒီခေတ်က ပညာရေး ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ပညာရှင်တွေ လိုတယ်ဆိုတဲ့ အစိုးရရဲ့မူကြောင့် ဆရာတို့ကို ပင်စင်ယူခွင့်မပေးဘဲ အဲဒီရာထူးနဲ့ပဲ နှစ်စဉ်ခန့်ထားတယ်။ ဒါကြောင့် ပါမောက္ခချုပ်သက်တမ်း ရှစ်နှစ်လောက် လုပ်ခဲ့ရတယ်။ 

မေး။ ။ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ် ဖြစ်လာချိန်မှာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ ဆောင်ရွက်ချက်တွေကိုလည်း ဆက်လက်ပြောပြပေးပါ။ 

ဖြေ။ ။ ဆရာက အဲဒီပါမောက္ခချုပ်လုပ်တဲ့အချိန်မှာပဲ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ တော်တော် လုပ်ဖြစ်တယ်။ စိန်ရတုပွဲပြီးတဲ့နောက် ရာပြည့်ပြီးကာလထဲမှာပဲ ရန်ကုန်တက္ကသိုလ်မှာ အပြောင်းအလဲတွေ တော်တော်ဖြစ်တယ်။ ပထမ အပြောင်းအလဲက တက္ကသိုလ်အဆင့်ပြည့်မီအောင် ပါရဂူဘွဲ့ရတွေ မွေးထုတ်မယ်ဆိုပြီး ကြိုးစားခဲ့ကြတယ်။ ဒါက ရှေ့က ပါမောက္ခချုပ်တွေ လက်ထက်ကတည်းက ကြိုးစားခဲ့ကြတယ်။ ရှေ့အဆက်ဆက်လောက်ကတည်းက Ph.D. ပုံစံနဲ့ စတယ်။ ဒါပေမဲ့ ဆရာတွေက သိပ်စိတ်မဝင်စားကြသေးဘူး။ Ph.D. လုပ်တဲ့သူတွေ နည်းတယ်။ ဆရာ့လက်ထက်ကျတော့ တွန်းအားပေးရတယ်။

ကိုယ့်တက္ကသိုလ်ကပေးတဲ့ Ph.D.ဘွဲ့မှ ကိုယ့်ဆရာ၊ ၊ ဆရာမတွေ မယူရင် ဘယ်သူတွေယူမှာလဲဆိုပြီး တွန်းအားပေးခဲ့ရတယ်။ ဒီလိုပြောပြီး ဆရာ ဆရာမတွေ အကုန်လုံး Ph.D. တက်နိုင်အောင် ဆရာတော်တော်ကြိုးစားယူရတယ်။ ပါမောက္ခတွေလည်း စည်းရုံးတဲ့ အခါကျတော့ ဒီနေ့အထိ ရန်ကုန်တက္ကသိုလ်ရဲ့ ပါရဂူဘွဲ့နဲ့ ပါမောက္ခတွေ အများကြီးပေါ်ပါတယ်။ ပါမောက္ခချုပ်တွေ ပေါ်ထွက်လာတယ်။ အချို့ ပါမောက္ခချုပ်တွေဆိုရင် ပင်စင်တောင်ယူနေပြီ။ ပထမ အဲဒီစိန်ရတုကာလပြီးတော့ အခုရာပြည့်ကာလအထိ ရန်ကုန်တက္ကသိုလ်ရဲ့ အအောင်မြင်ဆုံးက Ph.D. ဘွဲ့ရတွေ အဆင့်မြင့်မြင့် မွေးထုတ်ပေးနိုင်ခဲ့တယ်။

အရည်အသွေးတွေ မြင့်အောင်လည်းပဲ ဆရာက ဘာလုပ်ရသလဲဆိုတော့ အဲဒီပါရဂူဘွဲ့သင်တန်းမှာ ပထမက ဆရာတွေပဲ စည်းရုံးတယ်။ ကျောင်းသားတွေ သိပ်မပါသေးဘူး။ ဆရာတွေကို Ph.D. လုပ်ခိုင်းတယ်။ လုပ်ခိုင်းတဲ့အခါကျတော့ ဒီဘွဲ့ဟာ နိုင်ငံတကာရဲ့ အဆင့်မီရမယ်။ Ph.D. သင်တန်းသားတွေဟာ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေရှိဖို့လိုတယ်။

ဒါ့ကြောင့် သူတို့ကို နိုင်ငံခြားတက္ကသိုလ်တွေမှာ ပိုပြီးတော့ သုသေတနပြုဖို့ ကြိုးစားတယ်။ အထက် ကိုလည်းပြောပြတယ်။ ခွင့်ပြုချက်ရအောင် လုပ်တယ်။

နောက်ပြီး နိုင်ငံတကာရဲ့ တက္ကသိုလ်တွေကလည်း ဒီ Ph.D. သင်တန်းသားတွေကို သူတို့ရဲ့ သုတေသန လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလို့ရအောင် ဆက်သွယ်စည်းရုံးဆောင်ရွက်ပေးရတယ်။ အဲဒီအခါ တုန်းက တော်တော်လေးခက်ခက်ခဲခဲနဲ့ ဆောင်ရွက်ရတယ်။ ဒါပေမဲ့ တော်တော်အောင်မြင်ခဲ့တယ်။ ဒါကြောင့်မို့လို့ Ph.D သင်တန်းသား တော်တော်များများဟာ နိုင်ငံတကာတက္ကသိုလ်တွေမှာ သွားပြီးတော့ သုတေသနလုပ်ခဲ့ရတယ်။ ဒါကြောင့်မို့လို့ အဲဒီတုန်းက Ph.D. ဘွဲ့ရတဲ့သူတွေရဲ့ အဆင့်အတန်းဟာ မနိမ့်ဘူးလို့ပြောရမှာ ဖြစ်တယ်။ နောက်တစ်ခါနိုင်ငံတကာတက္ကသိုလ် ပါမောက္ခတွေလည်းပဲ ရန်ကုန်တက္ကသိုလ်မှာလာပြီးတော့ သုတေသနတွေ ဦးဆောင်ကူညီပေးဖို့ ဆရာဆက်သွယ်ဆောင်ရွက်ရတယ်။

အဲဒီအတွက်လည်းပဲဆရာက အကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာတိုင်းပြည်က သံအမတ်ကြီး
တွေနဲ့ တက္ကသိုလ်တွေကို ဆက်သွယ်ရတယ်။ နောက်ပြီး ပညာသွားသင်ဖို့၊ သုတေသနပြုဖို့၊ ထောက်ပံ့ကြေးငွေတွေ ရဖို့အတွက်လည်း ကြိုးပမ်းရတယ်။ အဲဒီတုန်းကအစိုးရက ထောက်ပံ့ကြေး ဒီလောက်မပေးနိုင်ဘူး။ 
ထောက်ပံ့ကြေး အထောက်အပံ့ပေးမယ့်သူရှိရင် အစိုးရက ခွင့်ပြုတယ်။ အဲဒီတော့ ရန်ပုံငွေ လိုတာပေါ့။ အဲဒီတော့ ရန်ပုံငွေပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရတယ်။ တက္ကသိုလ်တွေလည်းပဲ Special Grant တွေပေးဖို့ လုပ်ငန်းတွေ ဆရာ တော်တော်ခက်ခက်ခဲခဲ ဆောင်ရွက်ရတယ်။ ကိုယ်တိုင်လည်း အဲဒီတက္ကသိုလ်တွေကို သွားပြီးတော့ စည်းရုံးရတယ်။

အဲဒီခေတ်က Ph.D ကို အများဆုံးအထောက်အပံ့ပြုတဲ့ တိုင်းပြည်တွေက ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံတွေက တက္ကသိုလ်တွေ၊ အဲဒီမှာရှိတဲ့ အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေက အများကြီးအထောက်အကူပြုတယ်။ တော်တော်များများ ဆရာအောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ ဆရာ ဆရာမတွေ တော်တော်များများကလည်း ဒီအခါကျမှ စိတ်ပါလာတယ်။ နောက် Ph.D. External Exam On External Examiner Gozor အဲဒီကနေပြီးတော့ ဖိတ်တယ်။ သူတို့တွေရဲ့ Thesis တွေကို အကဲဖြတ်ခိုင်းတဲ့အခါကျတော့ ပြင်ပစာစစ်တွေက နိုင်ငံခြားကဆရာကြီးတွေ ဖြစ်နေတဲ့အတွက် သူတို့ Thesis တွေရဲ့ တန်ဖိုးကလည်း ရှိတယ်။ အဲဒီ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တွေက အသိအမှတ်ပြုတဲ့သဘော ဖြစ်လာတယ်။ ပြည်တွင်းက ဆရာတွေလည်း ဒါတွေကို မြင်တော့ အားကျလာကြပြီး တော်တော်များများက Ph.D. လုပ်ကြတယ်။ အဲဒါ အောင်မြင်ချက်တစ်ခုပဲ။

နောက်စဉ်းစားမိတာက ဒီ Ph.D.ဘွဲ့ဟာ ဆရာတွေ ချည်းပဲနဲ့မရဘူး။ ကျောင်းသားတွေလည်း များများ Ph.D. တက်မယ်၊ ဘွဲ့ရကျောင်းသားတွေ Ph.D. ပေးနိုင်အောင် Fund ဖွဲ့ရမယ်။ ဒီလိုလုပ်တယ်။ လုပ်တဲ့အတွက်ကြောင့် M.Sc, အောင်တဲ့ ကျောင်းသားတွေ Ph.D. တက်နိုင်အောင် လို့ ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ နိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဘွဲ့တစ်ခုဆရာထပ်ထွင်တယ်။ အဲဒါကတော့ M.Sc ပြီးတဲ့နောက်တစ်နှစ် သုတေသနလုပ်ဖို့ Master of Research ရတဲ့ကျောင်းသားတွေကို တက်ခွင့်ပေးတယ်။

Master မှာ ထူးချွန်တဲ့ကျောင်းသားတွေကို ဒီ One Year Research Experience အလေ့အကျင့်ကောင်းရအောင် အဲဒီသုတေသနတွေ လုပ်ထားရင် Thesis အတင်ခံတယ်။ ပြီးတော့ အဲဒီ Master of Research ရတဲ့ကျောင်းသားတွေကို Ph.D တက်ခွင့်ပေးလိုက်တဲ့အခါကျတော့ အသက် ၂၅၊ ၂၆ နှစ် ပတ်ဝန်းကျင် လူငယ်ကျောင်းသားတွေလည်း Ph.D. ကျောင်းသားတွေ ဖြစ်လာတယ်။ သူတို့လည်း ဆရာတွေလို သုတေသနလုပ်တဲ့အခါကျတော့ အဲဒီနည်းနဲ့ ဆရာလမ်းကြောင်းထဲကို ထည့်ပေးလိုက်ပြီး Ph.D ရတဲ့သူတွေဟာ ဆရာစဖြစ်လာတယ်။ အဲဒီ Ph.D. မှ ဆရာဖြစ်နိုင်တဲ့ အခြေအနေရောက်လာတာ ဒီနေ့အချိန်အထိပဲ။ Ph.D သင်တန်းသားတွေ၊ Ph.D. အောင်တဲ့သူတွေဟာ တက္ကသိုလ်ဆရာတွေ ဖြစ်တယ်ဆိုတော့ တက္ကသိုလ်ဆရာလောကတစ်ခုလုံးက Ph.D. အဆင့်ရှိတဲ့ ဆရာတွေဖြစ်လာတယ်။ ဒါဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အရည်အသွေးမြင့်တဲ့ သဘောကို ပြတယ်။

ဒီနေ့တက္ကသိုလ်တွေအကုန်လုံးမှာ ကြည့်လိုက်ရင် အများစုက Ph.D ရတဲ့ ဆရာငယ်တွေရော၊ ဆရာလတ်တွေရော၊ ပါမောက္ခတွေရောဖြစ်လာတယ်။ အဲဒါက စိန်ရတု ကာလပြီးတဲ့နောက်ဒီနေ့ ရာပြည့်တက္ကသိုလ်တိုင်သည့်အထိ ရန်ကုန်တက္ကသိုလ်ရဲ့ အအောင်မြင်ဆုံးအစီအစဉ်တစ်ခု ဖြစ်တယ်။ ဒီအတွက်လည်းပဲ နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန အားလုံးကနေ ကူညီပံ့ပိုးပေးတဲ့အတွက် အောင်မြင်တာပါ။

နောက် Ph.D သုတေသနလုပ်ဖို့အတွက်ကျတော့ ဝိဇ္ဇာသုတေသနကတော့ ကွင်းဆင်းပြီး လုပ်ယူရတယ်။ သိပ္ပံသုတေသနကျတော့ သုတေသနလုပ်ဖို့အတွက် သုတေသနဌာန ကောင်းကောင်းရှိဖို့လိုတယ်။ ဒါတွေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်က နိုင်ငံတော်ကလည်း သုတေသနပစ္စည်းတွေ ဝယ်ဖို့ ဘတ်ဂျက်ပေးနိုင်သလောက် ပေးတယ်။ သုတေသနပစ္စည်းတွေကို ဆရာ ဖြည့်ရတယ်။ ဒီတော့ ရန်ကုန်တက္ကသိုလ်နဲ့ တွဲထားတဲ့ သိပ္ပံသုတေသန  URC (University of Research Centre) ရဲ့ တာဝန်ကိုယူရတယ်။

အဲဒီတော့ ဆရာက URC ကို အဆင့်မြှင့်ပေးရတယ်။ အဲဒီမှာရှိတဲ့ ဆရာ ဆရာမတွေကလည်း Instruments တွေ ကောင်းကောင်းကိုင်ပြီးတော့ တိုင်းထွာမှုတွေလုပ်နိုင်တဲ့ အဆင့်အထိရောက်အောင် Training ပေးရတယ်။ နိုင်ငံခြားလည်း လွှတ်ရတယ်။ နောက်ပစ္စည်းတွေ ဖြည့်ရတယ်။ အဲဒီခေတ်က နိုင်ငံခြားငွေကိုရဖို့ တော်တော်ခက်ခဲတဲ့ဟာ အစိုးရက ဘက်အမျိုးမျိုးကနေ နိုင်ငံခြားငွေရဖို့လုပ်တဲ့ အတွက်ကြောင့် အဆင့်မြင့်တဲ့ သိပ္ပံပစ္စည်းတွေကို သုတေသနဌာနမှာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ဒါကြောင့် Science Ph.D တော်တော်များများဟာ အဲဒီမှာ သုတေသနလုပ်တာဟာ ဒီနေ့အထိလည်း လုပ်ကြတယ်။ ဌာနတွေကလည်း သုတေသနလုပ်တာမှာ ဌာနတွေမှာရှိတဲ့ သုတေသန Lab တွေကိုလည်း အဆင့်မြှင့်ပေးရတယ်။

ဒီအတွက် ကြိုးစားရတဲ့အခါကျတော့ နိုင်ငံခြားတက္ကသိုလ်တွေကလည်း ဆရာတို့နဲ့ပေါင်းပြီး နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီးတော့ ကူညီတာတွေ ရှိတယ်။ အထူးသဖြင့် ဆရာတို့ သုတေသနလုပ်ငန်းကို အထောက်အကူပေးဖို့ ကိုရီးယားနိုင်ငံရဲ့ သုတေသနဖောင်ဒေးရှင်း တစ်ခုဖြစ်တဲ့ KFAS က ဆရာတို့နဲ့ညှိနှိုင်းပြီးတော့ မြန်မာပြည်အတွက် Asia Research Centre တစ်ခုထောင်မယ်။ ထောင်တဲ့အတွက် ၁၀ နှစ်ကို ဒေါ်လာတစ်သန်း အထောက်အပံ့ပေးမယ်ဆိုပြီး လာပြီးကမ်းလှမ်းတယ်။

အဲဒီအတွက် ရန်ကုန်မှာ URC နဲ့တွဲပြီးတော့ Asia Research Centre ထောင်လိုက်တဲ့အတွက် အဲဒီကလည်း သုတေသနလုပ်နိုင်တဲ့ ပစ္စည်းတွေဝယ်နိုင်တယ်။ သူကလည်း သူ့တိုင်းပြည်မှာရှိတဲ့ တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းလုပ်ဖို့ ဆရာတွေကို Scholar သဘောမျိုး တစ်နှစ်၊ နှစ်နှစ် Training တွေ ပေးတယ်။ ဒါလည်း တော်တော်အကျိုးပြုတယ်။ နောက် အိန္ဒိယနိုင်ငံကလည်း သူတို့တက္ကသိုလ်တွေနဲ့ သွားညှိတဲ့အခါကျတော့ Ministry of Science Technology ဘက်ကိုပြောင်းပြီး သုတေသနပေးဖို့ အကူအညီတွေ အများကြီးပေးတယ်။ အထူးသဖြင့် Lab လုပ်ဖို့လှူတယ်။ Physics Chemistry Botany တို့ကို Lab တွေ အကူအညီပေးတယ်။

နောက် ဂျာမနီ နိုင်ငံမှာ DAAD ဆိုတဲ့ သုတေသနဆိုင်ရာ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းကလည်း အများကြီးအကူအညီပေးတယ်။ ဆရာရဲ့ Ph.D. တွေ ဖြစ်မြောက်ရေး ဖော်ဆောင်မှုအစီအစဉ်များ လုပ်ဆောင်သူ တော်တော်များများဟာ ဒီအဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့ ဂျာမနီနိုင်ငံတက္ကသိုလ်တွေရဲ့ သုတေသန လုပ်ခွင့်ရတယ်။ Ph.D Thesis တော်တော်များများကို အဲဒီလိုလုပ်လို့ရတယ်။ အဲဒီကနေ ဆက်ပြီးတော့ Daimler Benz Foundation ဥက္ကဋ္ဌကလည်း ရူပဗေဒပါမောက္ခဘဝကနေ လာတာဆိုတော့ သူ့ဆီက အဆက်အသွယ်ရတယ်။ သူကလည်း DAAD နဲ့တွဲပြီးတော့ အများကြီးအထောက်အကူပေးခဲ့တယ်။

အဲဒီဖောင်ဒေးရှင်းကလည်း ဂျာမနီနိုင်ငံမှာ သုတေသနလုပ်ဖို့ Grant တွေ အများကြီးပေးတယ်။ ဒါနဲ့ Ph.D. Program တွေ အဆင့်မြင့်လာတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်။

ဩစတြေးလျနိုင်ငံက တက္ကသိုလ်တွေ အထူးသဖြင့် National University of Austrila နဲ့လည်း စာချွန်လွှာ (MoU) ထိုးတယ်။ သူတို့ရဲ့ အကူအညီတွေနဲ့ အဲဒီမှာ သုတေသနလုပ်ခွင့်ရတယ်။ ဒါတွေဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အောင်မြင်ချက်ပဲ။

အထူးသဖြင့် ကျေးဇူးတင်ရမှာက မြန်မာနိုင်ငံမှာ အဲဒီတုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ကြီးတွေပေါ့။ သူတို့ကိုချဉ်းကပ်ရတယ်။ သံအမတ်ကြီးတွေရဲ့ အကူအညီတွေ၊ ဟိုတစ်ဖက်ကို ဆက်သွယ်ပေးမှုနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒီလုပ်ငန်းတွေ အောင်မြင်ခဲ့တာ ဖြစ်တယ်။ ကံကောင်းတာက အဲဒီအချိန်က မြန်မာပြည်မှာ ရောက်နေတဲ့ သံအမတ်ကြီးတွေက ပညာရေးဆိုင်ရာ ပညာရှင်တွေ၊ Ph.D. ပညာရှင်တွေဖြစ်နေတယ်။
 ဓာတုဗေဒ၊ သမိုင်းပါမောက္ခတို့အဲဒီလိုကနေပြီးတော့ သံအမတ်ကြီးတွေ ဖြစ်လာကြတော့ စိတ်ဝင်စားကြတယ်။ ဒါကြောင့် ဒီသံအမတ်ကြီးတွေကိုလည်း ကျေးဇူးတင်ရမယ်။ ဒီနေ့အထိလည်း သူတို့က အငြိမ်းစားယူသွားကြပေမယ့် သူတို့တိုင်းပြည်ကနေ ဆက်သွယ်ပြီးတော့ အကူအညီပေးနေတုန်းပဲ ဖြစ်တယ်။

တချို့ဆရာကြီးတွေဆိုရင် ရန်ကုန်ကိုလာပြီးတော့ External Examiner အဖြစ် ဆောင်ရွက်နေကြတယ်။ ဒီအဆက်အသွယ်တွေက မပြတ်သွားဘူး။ ဒါဟာ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုပြီးတဲ့နောက် ရာပြည့်ကာလအတွင်းမှာ အအောင်မြင်ဆုံး Ph.D. Program တွေ ဖြစ်တယ်။ ဌာနတွေကလည်း ဒီကနေ့ ရဲရဲဝင့်ဝင့်နဲ့ နိုင်ငံတကာ Program အထိရောက်အောင်၊ သုတေသနစာတမ်းတွေ ထုတ်နိုင်အောင် အတွေ့အကြုံနဲ့ အရည်အသွေးတွေ ရှိလာတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ ဒီရာပြည့်ပွဲမှာ ဂုဏ်ပြုစကားပြောလိုပါတယ်။
ရန်ကုန်တက္ကသိုလ် စိန်ရတုပြီးတော့ ပညာရေးပြောင်းလဲမှုတစ်ခု လုပ်ဖို့ဆိုပြီး ကြိုးစားခဲ့ကြတယ်။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေက အစိုးရတက္ကသိုလ်၊ နိုင်ငံပိုင်တက္ကသိုလ်တွေပါ။

အခြား နိုင်ငံတကာတက္ကသိုလ်တွေမှာတော့ Private University တွေ ထွန်းကားနေပြီ။ သူတို့က မြန်မာနိုင်ငံမှာ Private University တွေမရှိဘူးလား၊ ဘာကြောင့် မဖွင့်တာလဲ တောင်းဆိုလာတယ်။ နိုင်ငံတော်အကြီးအကဲတွေကလည်း သဘောပေါက်တယ်။ လူကြီးတွေက ပညာရေးအစီအစဉ် နှစ်ခု ဖြစ်အောင်လုပ်မလားဆိုပြီး One Campus Two System ဆိုတဲ့ မူတစ်ခု ဆရာတို့ကို ချပေးလိုက်တယ်။ တစ်ခုကသူ့ရဲ့ ပုံမှန်အတိုင်း၊ နိုင်ငံတော်ကသွားတဲ့အတိုင်းသွားတဲ့ သင်ကြားရေး ရှိတယ်။ နောက်တစ်ခုကတော့ ပုဂ္ဂလိကစံနဲ့သင်ကြားရေး ပေါ့။

ဆရာတို့က ဘာအကြံရလဲဆိုတော့ Human Resource Centre တွေကို သင်ကြားရေး Program တွေ လုပ်ရင် ကောင်းမယ်ဆိုပြီးတော့ အကြံရတယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့တွေက ပုံမှန်စနစ်နဲ့သွားပြီး ဒီဘွဲ့တွေလည်း မထိခိုက်ရအောင် သင်တန်းတွေဖွင့်ဖို့ ဆရာကြိုးစားတယ်။ Centre of Human Recourse Development Program (CHRD) ဆိုပြီး သင်တန်းတွေဖွင့်တယ်။ ရန်ကုန်တက္ကသိုလ်က Under Grant Program တွေ မရှိတဲ့အချိန်မှာ ဒီ CHRD Program တွေဟာ အတော်လေးထိရောက်စွာ သင်ကြားပေးပါတယ်။ အအောင်မြင်ဆုံးကတော့ Physics Chemistry ဘာသာရပ်တို့နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေပါ။

ကျောက်မျက်ရတနာနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း အောင်မြင်တယ်။ နောက်စီးပွားရေးတွေ လုပ်တဲ့အချိန်မှာ စီးပွားရေးဥပဒေကို လူတိုင်းသိသင့်တယ်။ ဒီအတွက် DBL Program တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြောင်းလဲလာတဲ့အခါကျတော့ Business Law Computer Training Course သင်တန်းတွေ ဆရာတို့ လုပ်တယ်။ ဒီသင်တန်းတွေဟာ အချိန်တစ်ခုအထိ တော်တော်လေး အောင်မြင်ခဲ့တယ်။ အခြားဝင်ငွေရ သင်တန်းတွေလည်း ဖွင့်တယ်။ ဒီတော့တက္ကသိုလ်မှာ ဝင်ငွေလည်းရတယ်။ နိုင်ငံတော်ကိုလည်း ပြန်သွင်း၊ ရန်ပုံငွေတွေလည်း ရှာနိုင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဝန်ထမ်းတွေကို ထောက်ပံ့နိုင်ခဲ့တယ်။ 

မေး။ ။ အခြား ဖြည့်စွက်ပြောကြားလိုတာတွေရှိရင် ပြောပေးပါဦး ဆရာကြီး။ 

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ပါမောက္ခကြီးတွေ၊ ဆရာ့လက်ထက်မှာရှိတဲ့ ပါမောက္ခကြီးတွေ အငြိမ်းစားတွေယူကုန်ကြပြီ။ အဲဒီကနေ ဆရာတို့ ပြုစုပေးလိုက်တဲ့ Ph.D.ရလာတဲ့ ပါမောက္ခတွေ ဒီနေ့ဆက်လက်ပြီးတော့ တာဝန်ယူနေကြတယ်။ ဘာပဲပြောပြော နောက်မျိုးဆက်တွေ ရန်ကုန်တက္ကသိုလ်ကပေးတဲ့  Ph.D. Program ရဲ့ အရည်အသွေး၊ အဆင့်အတန်းဟာ မနိမ့်ပါဘူးဆိုတာ ဆရာပြောလိုပါတယ်။

ဆရာထပ်မံပြောပြလိုတဲ့ အကြောင်းအရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ ကမ္ဘာ့အလယ်မှာ ဂုဏ်ထည်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကြီးမှာ ပထမဆုံးဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို လယ်တီဆရာတော်အား ဆက်ကပ်ခဲ့ပါတယ်။ ဒီလိုအစဉ်အလာကောင်းတွေနဲ့ ထည်ဝါခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဂုဏ်ကို ဆရာကြီးပါမောက္ခချုပ်ဘဝမှာ ပြန်လည်ဖော်ထုတ် ဆောင်ရွက်နိုင်ခဲ့မှုအနေနဲ့ကတော့ ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်တစ်ရပ် ကျင်းပခဲ့ပြီး ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့တွေ ပြန်လည်ချီးမြှင့်နိုင်ခဲ့မှုတွေပဲ ဖြစ်ပါတယ်။

အဲဒါတွေကတော့ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၁ ခုနှစ် တွေမှာ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင်သီလာနန္ဒာဘိဝံသအား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့၊ အနုပညာရှင်ဆရာကြီး ဦးသုခအား ဂုဏ်ထူးဆောင်စာပေပါရဂူတို့ကို ပေးအပ်ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သီတဂူဆရာတော် အရှင်ဉာဏိဿရနဲ့ နိုင်ငံတော်သံဃမဟာ နာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အရှင်ကုမာရဘိဝံသတို့ကိုလည်း ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (ဒီလစ်)ကို ဆက်ကပ်ခဲ့ပါတယ်။

နောက်တစ်ခုပြောလိုတာက စိန်ရတုကာလ ပြီးတော့ ဒီဘက် ရာပြည့်အထိ ပညာရေးပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အကြောင်းဖြစ်တယ်။ နောက် ရန်ကုန်တက္ကသိုလ်အနေနဲ့ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ အာဆီယံမှာဖွင့်ထားတဲ့ Association တွေနဲ့ အခြားတက္ကသိုလ် Network တွေ ပူးပေါင်းဆောင်ရွက်ခွင့်ရအောင် ဆရာတို့ ကြိုးစားခဲ့တယ်။

အာဆီယံတိုင်းပြည်တွေရဲ့ တက္ကသိုလ်တွေမှာ နှစ်စဉ်ဆွေးနွေးပွဲတွေကို ရန်ကုန်တက္ကသိုလ်အနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဒီနေ့အထိပဲ။ ဒါကြောင့် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အခြေအနေဟာ တိုးတက်လာတယ်။နောက်နိုင်ငံတကာရဲ့ သင်ကြားမှုစနစ်နဲ့ညီအောင် မြန်မာနိုင်ငံမှာ ဟိုတုန်းက စနစ်က အမှတ်ပေးတဲ့စနစ်။ နိုင်ငံတကာမှာ ခေတ်စားနေတာက Credit System သုံးတဲ့စနစ်။ စိန်ရတုကာလ ပြီးတဲ့နောက် ဒီနေ့အထိ ရန်ကုန်တက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံတက္ကသိုလ်တွေမှာ ဒီစနစ်ကို ကျင့်သုံးဖို့ ပညာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ဆောင်ရွက်တာ ဒီနေ့အထိ အခြေကျလာပြီ။ ဒါကြောင့် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ညှိနှိုင်းတဲ့အခါကျတော့ ဒါတွေက အဆင့်အတန်းမြင့်ဖို့ အတွက် အခြေခံကောင်းတွေ ဖြစ်လာပြီ။

ဒါပေမဲ့ အခြေအနေအရ စိန်ရတုကာလနောက်ပိုင်း ဒီနေ့မရောက်ခင်ကာလမှာ ရန်ကုန်တက္ကသိုလ် အခြေအနေအရ ဘွဲ့ကြိုသင်တန်းတွေ မထားတဲ့ကာလရှိတယ်။ မဟာတန်းနဲ့ ပါရဂူတန်းတွေ ဖွင့်ရတဲ့ တက္ကသိုလ်ဖြစ်သွားခဲ့တယ်။ ဘွဲ့ကြိုသင်တန်းတွေ မရှိရဘူးဆိုတော့ တက္ကသိုလ်ဆိုတာက ဘွဲ့ကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်းတွေစုံမှ တက္ကသိုလ်ရဲ့ အင်္ဂါရပ်နဲ့ညီတယ်။

အဲဒီကြားကာလမှာ ဘွဲ့ကြိုသင်တန်းတွေကို အခြားတက္ကသိုလ်တွေကို ပြောင်းလိုက်တယ်။ ဥပမာ ရန်ကုန်မှာဆိုရင် ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ် အဲဒီမှာပဲ ဘွဲ့ကြိုသင်တန်းတွေ ထားတယ်။ ဒီလိုကြောင့် တက္ကသိုလ်ရဲ့ အနေအထားက ပြောင်းလာတယ်။ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ မတူတော့ဘဲ တက္ကသိုလ်ရဲ့ အားလျော့ချက်တစ်ခု ဖြစ်သွားတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ဘွဲ့ကြိုသင်တန်းတွေ ပြန်ဖွင့်ခွင့်ပြုလိုက်တော့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတွေ ပြန်ဖွင့်ခွင့်ရတယ်။ အထူးအစီအစဉ်အနေနဲ့ ဖြစ်တဲ့အတွက် ရွေးချယ်တဲ့နေရာမှာ အမှတ်ကောင်းတဲ့ အဆင့်မြင့်တဲ့ကျောင်းသားတွေပဲ အထူးသီးသန့် ရွေးချယ်တယ်။ အထူးတက္ကသိုလ်ကြီးတစ်ခု ဖြစ်အောင်စီစဉ်တယ်။ တက္ကသိုလ်ရဲ့ အရည်အသွေးဟာ တက်လာတယ်။ အခြားတက္ကသိုလ်တွေက သူ့မူအရ တက္ကသိုလ်ဝင်တန်းအောင်မြင်ရင် တက္ကသိုလ်တက်ခွင့်ရှိပေမယ့် ရန်ကုန်တက္ကသိုလ်ကတော့ သတ်မှတ်တဲ့ အမှတ်မီတဲ့သူတွေပဲ လက်ခံတယ်။ ဒါကြောင့်မို့ နိုင်ငံတကာမှာ ဒီနေ့ ကြည့်လိုက်ရင် ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်အတန်းဟာ အသိအမှတ်ပြုခံရတယ်။ ဆရာတို့ရဲ့ ဘွဲ့ကြိုကျောင်းသားတွေရဲ့ အဆင့်အတန်းကို နိုင်ငံတကာက လက်ခံတယ်။ ဒီနေ့ခေတ်က တိုင်းပြည်တစ်ပြည်ထဲမှာ တက္ကသိုလ်တစ်ခုထဲ သီးသန့်နေလို့ မရတော့ဘူး။ တက္ကသိုလ်တွေမှာ လှည့်ပြီးတော့ တက်နေတဲ့ စနစ်ဖြစ်လာပြီ။ ကျောင်းသားတွေ ကိုယ်တိုင်က အမြင်တွေကျယ်လာတဲ့အခါကျတော့ နိုင်ငံတကာကျောင်းတွေမှာလည်း သွားတက်ကြတယ်။

ဒါကြောင့် ရာပြည့်ကာလထက် ကာလတွေ ပြီးသွားတဲ့အချိန် ရန်ကုန်တက္ကသိုလ်မှာ အရည်အသွေးမြှင့်တဲ့ အရှိန်ကြောင့် ပိုပြီးတော့ ကောင်းလာမယ်လို့ ဆရာတို့ မျှော်လင့်ပါတယ်။ ကောင်းအောင်လည်း လုပ်နေပါတယ်။ ဒါဟာ ရာပြည့်ရန်ကုန်တက္ကသိုလ်ရဲ့ မှတ်တိုင်ပါ။ ဒီအတွက်လည်း ဆရာဂုဏ်ယူတယ်။

အခုမကြာခင်ကပဲ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်တချို့ကို နိုင်ငံတော်ကနေပြီးတော့ အထူး အစီအစဉ်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ရအောင် ခွင့်ပြုလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ရဲ့ ဖွဲ့စည်းပုံတွေ၊ ရာထူးတွေ ပြောင်းတာ၊ ကျောင်းသားတွေ ရွေးချယ်ခွင့်တွေ၊ ဆရာတွေ ရွေးချယ်ခွင့်တွေ၊ ဆရာခန့်ခွင့်တွေ အစီအစဉ်ပြောင်းလာတယ်။ ဒါက ရန်ကုန်တက္ကသိုလ်ရဲ့ တိုးတက်မှုကိုသွားဖို့ အရှိန်အဟုန်ကို မြှင့်တင်ပေးလိုက်တဲ့အနေအထားပဲ။ ဒါကြောင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ရဲ့ တိုးတက်မှုအရှိန်ဟာ ပိုပြီးတော့ ကြီးမားသွားမှာပဲ။ ရာပြည့်နှစ်လွန်တဲ့အချိန်မှာ ပညာရေးပေါ်လစီတွေလည်း ပြောင်းလဲလာဦးမှာပဲ၊ ပြောင်းလဲအောင်လည်း ညှိနှိုင်းဆောင်ရွက်နေကြတယ်။ စနစ်ဆိုတာ ပြောင်းမှာပဲ။ ဦးတည်ရမှာက တိုးတက်မှု၊ အဆင့်အတန်း၊ ပညာအရည်အသွေး တိုးတက်မှုတွေကို ဦးတည်တာဖြစ်လို့ မပျောက်ပျက်စေဖို့ရာအတွက် ဆောင်ရွက်ပေးကြတဲ့သူတွေ အားလုံးကို ဆရာ့အနေနဲ့ ရာပြည့်ဂုဏ်ပြုခြင်းနဲ့အတူ ဂုဏ်ယူတယ်၊ ဂုဏ်ပြုတယ်လို့ ပြောကြားလိုပါတယ်။

အခုလိုဖြေကြားရခြင်းအတွက်လည်း ဆရာ့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ။