ကျောင်းကုန်း  ၃၀  နိုဝင်ဘာ

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမတရောင်ခြည်ဘုရားဖြူကျောင်းတိုက်၌ ယမန်နေ့ည ၈ နာရီအချိန် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

 

လေးကျွန်းထိပ်တင်ဘုရားဖြူစေတီတော်၌ ဆီမီးပူဇော်ကြခြင်း၊ မီးပုံးပျံလွှတ်တင်ပွဲသို့ လာရောက်ကြသူများအား ကြာဇံကြော်ဖြင့် ဧည့်ခံကျွေး မွေးခြင်းတို့ဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြပြီး၊ မျက်ရှင်တော်ပြည်လုံးချမ်း သာဘုရားကြီး၊ မိုဃ်းကောင်းဘုရားကြီး၊ ရွှေဘုန်းပွင့်စေတီတော်ကြီး၊ မြို့ဦးရွှေမြနန္ဒာ စေတီတော်ကြီးတို့တွင် ဆီမီးထွန်းညှိပူဇော်ကြခြင်း၊ နေအိမ်များ၌လည်း ဆီမီးများ ထွန်းကြကြောင်း သိရသည်။

 

ယခုနှစ် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ယမန်နှစ်များလောက် စည်ကားမှု မရှိသော်လည်း မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)