ကျောက်ပန်းတောင်း   ၃၀  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး   ညောင်ဦးခရိုင်  ကျောက်ပန်း တောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ကျောက်ပန်းတောင်း-မြင်းခြံ  ကားလမ်းမ   ကပ်လျက်ရှိ ပုပ္ပားတောင်ကြီး၏ မီးတောင်ဝခေါ် ချွန်းမလွန်းချောက် ထဲတွင်ရှိသည့် ပုပ္ပားမျောက်မျိုးစိတ်သစ်  Popa Langur– Trachypithecus Popa သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာရှိသည့်  မျိုးစိတ်အဖြစ်  ဂျာမန်ပရိုင်းမိတ်စင်တာက နိုဝင်ဘာ  ၁၁   ရက်က ထုတ်ပြန် သတ်မှတ်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)မှ  ဒေါက်တာ နော်မေလေးသန့်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ   ပုပ္ပားမျောက်  မျိုးစိတ်သစ်အား  မျိုးရိုးဗီဇ (DNA)စမ်းသပ်မှုကို ဒေါက်တာနော်မေလေးသန့်သည်  ၂၀၁၀ ပြည့်နှစ်ကတည်းက ပါရဂူဘွဲ့စာတမ်းအတွက် စလုပ်ခဲ့ကြောင်း သိရပြီး ယခုတွေ့ရှိသည့်  မျောက်မျိုး များ၏ DNA  ရလဒ်သည် ယခင်က  တွေ့ရှိထားသည့်  မျောက်မျိုးစိတ်ဖြစ်သော Phayre's Langur- Trachy- pithecus Phayrel နှင့် မတူဘဲ ကွဲပြားနေခဲ့ကာ DNA စမ်းသပ်မှုများ   ထပ်မံပြုလုပ်ရန်   လိုအပ်ကြောင်းကို ထိုအချိန်ကတည်းက ဒေါက်တာနော်မေလေးသန့်နှင့် တာဝန်ရှိသူများက သိထားခဲ့ကြောင်း၊  ၂၀၁၃ ခုနှစ်အတွင်း လေ့လာစမ်းသပ်မှုများ ထပ်လုပ်ဖြစ်ခဲ့ပြီး   ထိုစမ်းသပ်မှုများ တွင် မြန်မာနိုင်ငံမှ ပညာရှင်များရော နိုင်ငံတကာမှ ပညာရှင် အတော်များများ  ပါဝင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပုပ္ပားမျောက် မျိုးစိတ်သစ်များကို ပုပ္ပားဒေသသာမက  ရှမ်းပြည်နယ် ပန်းလောင်ပြဒါးလင်း၊  ပဲခူးရိုးမ၊ ကရင်ပြည်နယ် ရသေ့ပျံတောင်ဒေသများ၌လည်း တွေ့ရှိနိုင်ပြီး မြန်မာနိုင်ငံမှလွဲ၍ အခြားနိုင်ငံများတွင် မရှိကြောင်း သိရသည်။ မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်ကာ မြန်မာနိုင်ငံတွင် မျိုးတုံးသွားခဲ့ပါက ကမ္ဘာပေါ်မှ ပုပ္ပားမျောက်မျိုးစိတ် ပျောက်သွားမည်ဖြစ်၍ အမျိုးသားရေးတာဝန်အရ အစွမ်းကုန်   ထိန်းသိမ်းထားရမည့်   မျောက်မျိုးစိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ မျောက်မျိုးစိတ်သည်  အပင်ကြီးများ အုံ့အုံ့ဆိုင်းဆိုင်းရှိသော တောမျိုးတွင် အများအားဖြင့် အနေများ၍ အသီးအရွက်ကိုသာ စားကြကြောင်း၊ ဒေသခံများက ယင်းမျောက်မျိုးများကို  မျောက်သူတော်ဟု  ခေါ်ဆိုကြောင်း သိရသည်။ လူများစိုက်ပျိုးထားသည့် စိုက်ခင်းများကိုလည်း ဖျက်ဆီးလေ့မရှိကြဘဲ သဘာဝအလျောက် ပေါက်သော အသီးများဖြစ်သည့် ညောင်သီး၊ ညောင်ရွက်၊ သဖန်းသီး၊ ကတွတ်သီးများကိုသာ နှစ်သက်စွာ စားသုံးကြကြောင်း ဒေါက်တာနော်မေလေးသန့်က ရှင်းပြသည်။

"မြန်မာနိုင်ငံမှာပဲရှိတဲ့ မျောက်မျိုးစိတ်သစ်တစ်မျိုးကို ပုပ္ပားဒေသမှာ တွေ့ရှိမှတ်တမ်းတင်နိုင်တာက မြန်မာနိုင်ငံ အနေနှင့်ရော၊   ပုပ္ပားဒေသခံတွေအတွက်ပါ   အင်မတန် ဂုဏ်ယူစရာကောင်းပါတယ်။  ဒေသကိုအစွဲပြုပြီး နာမည် ပေးနိုင်ခဲ့တာကလည်း  ပိုပြီး ကြည်နူးဝမ်းမြောက်စရာကောင်းပါတယ်။  အခုဆိုရင် တစ်ကမ္ဘာလုံးက ပုပ္ပားဆို တာကို  ဒီမျိုးစိတ်သစ်မျောက်  တွေ့ရှိမှုနဲ့တွဲပြီး  သိသွားစေလို့ နောက်ပိုင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ပိုပြီး အထောက်အကူပြုလာနိုင်ပါတယ်။ အကန့်အသတ်ဖြင့် ခွင့်ပြုဖို့လည်း လိုပါတယ်။ မျောက်လေးတွေ အနှောင့်အယှက်ဖြစ်သွားတဲ့ အနေအထားမျိုး မဖြစ်ဖို့လိုပါတယ်။ ပြည်သူလူထုအနေနဲ့လည်း   ရှားပါးမျောက်လေးတွေကို ထိန်းသိမ်းတဲ့နေရာမှာ ဝန်းရံကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပုပ္ပားအပါအဝင် ဒီမျောက်လေးတွေရှိတဲ့ အရပ်ဒေသတွေက ဒေသခံပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက် ကာကွယ်ပေးကြဖို့ လိုအပ်ပါတယ်"ဟု ဒေါက်တာ နော်မေလေးသန့်က ဆက်ပြောသည်။

ပုပ္ပားမျောက်မျိုးစိတ်သစ်သည် ပုပ္ပားတောင်ဒေသ၌ ချွန်းမလွန်းချောက်ထဲတွင်သာ ကျင်လည်ကျက်စားကြကြောင်း၊ ယင်းမျောက်မျိုးသည် တောထူပြီး မျောက်များ အတွက်    စားစရာလည်း   ပေါများကာ   လူသူအရောက် အပေါက်နည်းသည့်  တောမြိုင်များကို  ပို၍နှစ်သက်ကြ ကြောင်း၊ လူကို အလွန်ကြောက်ကြပြီး လူသံ၊ ခွေးသံကြားလျှင် ထွက်ပြေးတတ်ကြကြောင်း၊ လက်ရှိအချိန်တွင် ပုပ္ပား ဒေသ၌ ယင်းမျောက်မျိုး ခန့်မှန်းကောင်ရေ ၁၁၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

အဆိုပါမျောက်များရှိရာ နယ်မြေကို ပုပ္ပားတောင် သစ်တောဦးစီးဌာနက   ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝထိန်းသိမ်းရေး  နယ်မြေအဖြစ်   သတ်မှတ်ထားကြောင်း  သိရကာ  ပြည်တွင်းဘုရားဖူးများအနေဖြင့် တောင်ကလပ်ဘက်သို့သာ   သွားရောက်မှုများကြောင်း၊ တောင်တက်   ဝါသနာပါသူများ၊   ပြည်ပခရီးသွားအချို့  နှင့် သုတေသနလုပ်ကြသူများသာ မီးတောင်ထိပ်ဝရှိသည့် တောင်မကြီးဘက်သို့  သွားကြကြောင်း၊ မျောက်များက လူကိုကြောက်သည့်အတွက်  လူအသွားအလာများလျှင် မကောင်းဘဲ လူသူအရောက်အပေါက်နည်းလေ မျောက်များ အတွက်  ကောင်းလေဖြစ်ကြောင်း  ဒေါက်တာ  နော်မေ လေးသန့်က ဆက်ရှင်းပြသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)