ဘောဂလိ ၃၀ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် ဖူးဘိုးခိုလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ စတုတ္ထအပတ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၇၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖူးဘိုးခိုလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး အရှည် (၇၈၀)ပေ၊ အကျယ် (၄)ပေ၊ ထု (၄)လက်မရှိပြီး ခွင့်ပြုရန်ပုံငွေ (၇.၈)သန်းရှိကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)


