၃၀  နိုဝင်ဘာ

အေအိုင်ဒီအက်စ် ရောဂါသည် ၁၉၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင်တွေ့ရှိသည်မှစ၍ အနောက်ဥရောပ၊ အာဖရိကနိုင်ငံများနှင့် အာရှတိုက်သို့ ကပ်ရောဂါကြီးတစ်ခုအနေဖြင့် ပျံ့နှံ့သွားခဲ့ပါသည်။ ၁၉၉၂ခုနှစ်မှ စတင်၍ အာရှတိုက်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားလာကြောင်းကို တွေ့ရှိရပေသည်။

မြန်မာနိုင်ငံတွင် ၁၉၉၁ခုနှစ်၌ အေအိုင်ဒီအက်စ်ရောဂါသည် တစ်ဦးကို  စတင်တွေ့ရှိခဲ့သည်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန    ကျန်းမာရေးဦးစီးဌာနသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ ကာကွယ်တိုက်ဖျက်ရေး   စီမံချက်ကို    တည်ထောင်၍ အေအိုင်ဒီအက်စ်နှင့် ကာလသားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံ၊  ဌာနပေါင်းစုံ၊  လူထု လူတန်းစားအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ ပါဝင်လျက် အမျိုးသားရေးမူဝါဒများနှင့်အညီ အရှိန်အဟုန် မြှင့်တင်ကာ ဆောင်ရွက်လျက်ရှိပါသည်။

အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသောပိုး

အေအိုင်ဒီအက်စ်ရောဂါကို ကပ်အသွင်ဖြစ်စေသော အဓိကပိုးမှာ HIV 1 ကြောင့်  ဖြစ်သည်။  ၎င်းပိုးသည် အာဖရိက ချင်ပန်စီမျောက်များမှ အစပြုလာသည်ဟု သုတေသီများကယူဆ ကြသည်။ HIV 1 သည် ကမ္ဘာပေါ်ရှိ HIV ကူးစက်ပြန့်ပွားမှုအများစုကို ဖြစ်စေပြီး  ဗီဇမျိုးကွဲ ပေါင်း ၁၀ မျိုးကျော် ရှိသည်။

HIV 2 ကို အာဖရိကတိုက်ရှိ မန်ဂါဘီ မျောက်များမှ ဆင်းသက်လာသည်ဟု သုတေသီများက ယူဆကြသည်။ HIV 2 ၏ ကူးစက်မှုနှုန်းသည် HIV 1 လောက် မမြန်ဆန်ပါ။ လက္ခဏာမှာလည်း HIV 1 လောက် မပြင်းထန်ပါ။

သိပ္ပံပညာရှင်အများစုက   လက်ခံထားသောယူဆချက်မှာ  HIV  ဗိုင်းရပ်စ်ပိုးသည်   ရှေးပဝေသဏီကပင် ကမ္ဘာပေါ်တွင် ရှိနေခဲ့ပြီး အကြောင်းတစ်ခုကြောင့် မျိုးရိုးဗီဇပြောင်းလဲသွားကာ ရောဂါပိုးကို ရရှိလာသည်ဟု ယူဆကြသည်။

HIV ပိုးတွေ့ရှိနိုင်သောနေရာများ

HIV ပိုးကို သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်သော အရည်နှင့် မိခင်နို့ရည်တို့တွင် အဓိကတွေ့ရသည်။

HIV ပိုးကူးစက်သော နည်းလမ်းများ

(၁) ရောဂါပိုးရှိသူနှင့်အကာအကွယ်မဲ့ လိင်တူလိင်ကွဲ လိင်ဆက်ဆံခြင်း၊

(၂) ရောဂါပိုးရှိသော   မိခင်မှ    ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နှင့်  မိခင်နို့ရည်တိုက်ကျွေးစဉ်   မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ မွေးဖွားသော ကလေးငယ် အားလုံး၏ ၁၅-၄၅ ရာခိုင်နှုန်းခန့်မှာ   အိပ်ချ်အိုင်ဗွီ ပိုး ကူးစက်နိုင်သည်။

(၃) ရောဂါပိုးရှိသော သွေး၊  သွေးနှင့်  ဆက်စပ်သော ပစ္စည်းများမှ တစ်ဆင့်ကူးစက်ခြင်း၊ (သွေးသွင်းခြင်း၊ ကိုယ်အင်္ဂါ အစားထိုးခြင်း)

(၄) ရောဂါပိုးရှိသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် အရေပြားကို   ဖောက်ထွင်းနိုင်သည့်   မည်သည့် ပစ္စည်းကိုမဆို   မျှဝေသုံးစွဲခြင်းမှ  ကူးစက်ခြင်း (ဆေးမင်ကြောင်ထိုးခြင်း၊    ဆံပင်ညှပ်ရာတွင် သုံးသောဓား၊ နားဖောက်ခြင်း၊ လက်သည်းညှပ်၊ ခွဲစိတ်ကိရိယာများ၊   သင်တုန်းဓားနှင့် အလှပြင် ကိရိယာများမှ တစ်ဆင့် ကူးစက်ပါသည်။)

HIV ပိုး မကူးစက်နိုင်သော နည်းလမ်းများ

HIV ပိုးရှိသူနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ အတူစားခြင်း၊ ရေကူးခြင်း၊ အတူတူအလုပ် လုပ်ခြင်း၊ အတူတူဘက်စ်ကားစီးခြင်း၊ တယ်လီဖုန်း၊ အိမ်သာအတူသုံးစွဲခြင်းနှင့် ခြင်၊ ယင်၊ ကြွက်၊ ပိုးမွှားများမှ တစ်ဆင့် မကူးစက်နိုင်ပါ။

HIV ၏ သံသရာစက်ဝန်း

ပြင်ပမှ ဝင်ရောက်သော ပိုးမွှားများ၏ အန္တရာယ်ကို အမြဲတိုက်ခိုက်နေသည့်စနစ်ကို  လူ့ခုခံအားစနစ်ဟု ခေါ်သည်။ ကိုယ်ခံအားစနစ်ကိုပေးသော  လင်ပိုဆိုက် သွေးဖြူဥ B နှင့် T  ဟူ၍ နှစ်မျိုးရှိသည်။  ၎င်းတို့သည် စစ်တပ်အနေနှင့်   ရောဂါပိုးများကို ခုခံနေကြသည်။ T လင်ပိုဆိုက်သည်   CD4 receptor  (လက်ခံ) များ သယ်ဆောင်သော ဆဲလ်များဖြစ်သည်။ HIV ပိုးသည် CD4 နှင့် T Cell များထံ  ဝင်ရောက်ပြီး  ပုံတူပွားများသည်။ ပွားများလာသော ပိုးများသည်   CD4 Cell   များကို တဖြည်းဖြည်းချင်း   ဖျက်ဆီးသည်။   ရောဂါပိုးရှိသူ၏ ကိုယ်ခံအားစနစ်သည် အားနည်းလာပြီး အခွင့်အရေးယူ ဝင်ရောက်သောရောဂါများနှင့် အချို့သော ကင်ဆာများ ဖြစ်ပေါ်လာနိုင်ခြေ ပိုများလာသည်။

အခွင့်အရေးယူဝင်ရောက်သော ရောဂါများ

HIV ပိုးရှိသောသူသည် သာမန်လူထက် တီဘီရောဂါ ဖြစ်ပွားနှုန်းပိုများသည်။ ဝမ်းဆက်တိုက်နှင့် အဆက်မပြတ်သွားခြင်း၊ အခြားအဆုတ်ရောင်ရောဂါများ၊ မက်ခရု/မှိုရောဂါများ၊ ယားနာများ   ဝင်ရောက်လာနိုင် ပါသည်။ အနောက်နိုင်ငံများတွင် အရေပြားကင်ဆာ (Kaposi's Sarcoma) နှင့် ဦးနှောက်ပျက်စီးမှုရောဂါ တို့ကိုလည်း တွေ့ရှိရတတ်သည်။

HIV ပိုးဝင်ရောက်ပြီး ရောဂါတိုးပွားခြင်းဖြစ်စဉ်

HIV ပိုးရှိသော်လည်း ကျန်းမာနေသောကာလသည် ၁ နှစ်မှ ၁၀ နှစ်ရှိနိုင်သည်။ ထိုအချိန်တွင် ရောဂါလက္ခဏာ မပြသော်လည်း    အခြားသူများကို   ကူးစက်နိုင်သည်။ ၃ နှစ်မှ ၁၀ နှစ်ကြာပြီးသောအခါ ရောဂါလက္ခဏာ အသေးအဖွဲ့များ ဖြစ်ပေါ်နိုင်သည်။ ၈ နှစ်မှ ၁၂ နှစ်ကြာသောအခါ အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများ   ဖြစ်ပေါ်ချိန် ဖြစ်သည်။

အေအိုင်ဒီအက်စ် (AIDS) ဆိုသည်မှာ

 A = Acquired (မွေးရာပါလည်းမဟုတ်၊ မျိုးရိုးလိုက်ခြင်းလည်း မဟုတ်ဘဲ လူတစ်ဦးမှ  တစ်ဦးသို့ ကူးစက်ခြင်း)

 I = Immune (လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ်)

 D = Deficiency (ရှိသင့်သည့် အတိုင်းအတာအောက် လျော့နည်းသွားခြင်းမရှိခြင်း)

 S = Syndrome (ရောဂါလက္ခဏာများ အစုအဝေးလိုက် ရှိနေခြင်း)

အေအိုင်ဒီအက်စ်ရောဂါသည်  ခုခံအားစနစ်အဆင့်ဆင့်ဖျက်ဆီးခြင်းခံရသဖြင့် ဖြစ်ပေါ်လာသော ရောဂါစု ဖြစ်သည်။

HIV ပိုးကိုရှာဖွေခြင်း

HIV  ပိုးရှိ  မရှိကို HIV ပဋိပစ္စည်းရှိ မရှိ သွေးဖောက် စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။

ကြားကာလ (Window Period)

ရောဂါပိုးစတင်ဝင်သည့်အချိန်မှ ပဋိပစ္စည်းစမ်းသပ် စစ်ဆေးနိုင်လောက်သော ပမာဏထုတ်လုပ်နိုင်သည့် အချိန်ကာလအထိ ကာလကိုကြားကာလ (Window Period) ဟုခေါ်ပြီး နှစ်ပတ်မှ  ၁၂ ပတ်အတွင်း ကြာမြင့် သည်။ ပဋိပစ္စည်း ရှာဖွေမတွေ့နိုင်သော်လည်း အခြားသူ များသို့ ကူးစက်နိုင်ပါသည်။

AIDS ရောဂါသို့ လျင်မြန်စွာ ရောက်ရှိစေနိုင်သော အချက်များ

 - အသက်ငယ်လွန်းခြင်း၊  ကြီးလွန်းခြင်း၊  (အသက် (၅) နှစ်အောက်၊ ၆၀ နှစ်အထက်)

 - HIV မျိုးကွဲတစ်ခုထက်ပို ရှိဝင်ရောက်ခြင်း။

 - HIV နှင့် တီဘီ၊ အသည်းရောင်အသားဝါဘီ၊ စီ ကဲ့သို့ရောဂါများ ဒွန်တွဲဖြစ်ခြင်း။

 - အာဟာရချို့တဲ့ခြင်း။

 - ဆိုးရွားသော စိတ်ဖိစီးမှုဒဏ်ခံစားရခြင်း။

 - မျိုးရိုးဗီဇအခြေခံကြောင့်ဖြစ်ခြင်း    စသည်တို့ ဖြစ်သည်။

AIDS ရောဂါသို့ ရောက်ရှိမှုကို  နှောင့်နှေးစေသော

အချက်များ

 - အေအာတီ (ART)   ကုထုံးဖြင့်   လျင်မြန်စွာ ကုသခြင်းနှင့် ဆေးစွဲမြဲမှန်ကန်စွာ သောက်သုံးခြင်း

 - ဆရာဝန်၏ အကြံပေးချက်များအတိုင်း သေချာစွာ လိုက်နာခြင်း

 - ကျန်းမာသော အစားအစာများပုံမှန်စားသုံးခြင်း

 - မိမိကိုယ်ကို ဂရုစိုက်ခြင်း

 - မျိုးရိုးဗီဇအခြေခံကြောင့်ဖြစ်ခြင်း   စသည်တို့ ဖြစ်သည်။

မိခင်မှကလေးသို့ HIV ပိုးကူးစက်မှု

HIV ပိုးရှိသော မိခင်မှ မွေးဖွားလာသော ကလေးငယ်အားလုံး၏ ၁၅-၄၅ ရာခိုင်နှုန်းခန့်မှာ HIV  ပိုးကူးစက်နိုင်ပါ သည်။ ထိုကူးစက်မှုကို ကာကွယ်ခြင်း (Prevention of Mother to Child Transmission - PMCT) နည်းလမ်း များဖြင့် လျှော့ချနိုင်ပါသည်။

နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း

နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုသည်မှာ နှစ်သိမ့်ဆွေးနွေးပညာပေးသူမှ ဆွေးနွေးပညာပေးခြင်းဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခံရသူသည် ၎င်း၏အခက်အခဲ ပြဿနာများ၏ ဇာစ်မြစ်ကို သတိပြုစေသည်။ ထိုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ပိုမိုသိရှိစေပြီး ၎င်းနှင့်ကိုက်ညီသည့်    ဖြေရှင်းနည်းကို  ၎င်းကိုယ်တိုင် ဆုံးဖြတ်အသုံးပြုနိုင်စေရန်ကူညီပံ့ပိုးပေးခြင်း ဖြစ်သည်။

HIV ပိုး ကူးစက်ခံနေရသူများ၊ အေအိုင်ဒီအက်စ်ဝေဒနာ ရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ ၊ နှီးနွှယ် ဆက်စပ်သူများ၊ အိပ်ချ်အိုင်ဗွီပိုး ရှိ မရှိ စစ်ဆေးလိုသူ(သွေး မစစ်ဆေးမီ၊ သွေး စစ်ဆေးပြီး) များသည် ဦးစွာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ခံယူရမည်ဖြစ်သည်။

ကုသခြင်း

HIV ပိုးကို တွေ့ရှိလျှင် ၎င်းအတွက် အေအာတီ (Artic Retroviral Therapy - ART) ဟုခေါ်သည့် ဆေးကိုယခုအခါ အသုံးပြုနိုင်ပြီဖြစ်သည်။ ၎င်းဆေးများသည် HIV ၏ ပိုးပွားမှုကိုသာ ဟန့်တားနိုင်ပြီး အမြစ်ပြတ်ပျောက်ကင်း သွားကြောင်း   မတွေ့ရသေးပါ။   ART   ဆေးကိုပုံမှန် သောက်သုံးခြင်းဖြင့် အေအိုင်ဒီအက်စ်အဆင့်သို့ ရောက်ရှိ သွားခြင်းကို ကာကွယ်နိုင်သည်။ ပိုးပွားခြင်းများကိုလည်း ထိန်းချုပ်ပေးသည့်အတွက်   ပိုးရှိသူသည်   သက်ရှည် ကျန်းမာစွာနေထိုင်နိုင်ပြီး  အခြားသူများသို့ ကူးစက်သည့် အန္တရာယ်ကို လျော့ကျစေသည်။ ဆေးယဉ်ပါးမှု မဖြစ် စေရန် (ART) ဆေးကို နောက်ကျခြင်း၊ ပျက်ကွက်ခြင်း မရှိဘဲ  ဆရာဝန် ဆရာမများ၏  ညွှန်ကြားချက်အတိုင်း ဂရုတစိုက်သောက်ရန် လိုအပ်ပါသည်။ တစ်သက်လုံး စွဲမြဲမှန်ကန်စွာသောက်သုံးရန် အထူးလိုအပ်ပါသည်။

မိခင်မှ ကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ခြင်း (Prevention of Mother to Child Transmission -PMCT)

- ကိုယ်ဝန်ဆောင်မိခင်များအား  နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် HIV ပဋိပစ္စည်း ရှိ မရှိ စစ်ဆေးခြင်း။

- HIV ပိုးရှိသူ မိခင်များနှင့် ၎င်းတို့မှ မွေးဖွားထားသောကလေးများအား ART ဆေးများ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ကုသခြင်း။

- လုံခြုံစိတ်ချသော မီးဖွားခြင်း၊ ဆေးရုံဆေးခန်း များတွင် မွေးဖွားရန် ကြိုတင်စီစဉ်ပေးခြင်း။

- လုံခြုံစိတ်ချရသော ကလေးအာဟာရ တိုက်ကျွေးခြင်းအတွက် ပညာပေးရန်နှင့် ကူညီထောက်ပံ့ခြင်းများကို ကျန်းမာရေးဌာနများတွင် ဆောင်ရွက်နေပါသည်။

ရောဂါပိုးနှင့်မထိတွေ့မိ ကူးစက်မခံရအောင်ကြိုတင်ကာကွယ်ခြင်း (Pre Exposure Prophylaxis - PrEP)

HIV ကူးစက်မှုကင်းဝေးသည့် လူအဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာပေးရန် ကာကွယ်ရေးနည်းလမ်းများအနက် တစ်ခုဖြစ်သော (Pre Exposure Prophylaxis - PrEP) ဆိုသည်မှာ အန္တရာယ်ရှိသည့် လူအုပ်စုများကို ကူးစက်ရန် အန္တရာယ်ရှိစဉ်ကာလတစ်လျှောက်လုံး   နေ့စဉ်ပုံမှန် သောက်သုံးရန် ဆေးပေးခြင်းဖြစ်သည်။ ဆေးကို ဇူလိုင်လ ၂၀၂၀ မှစတင်၍  မိတ်ဆက်ပြီး  ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “The Ministerial Meeting of the Global HIV prevention Coalition (GPC)” ကမ္ဘာလုံးဆိုင်ရာ   ဝန်ကြီးအဆင့်   အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်  လုပ်ဆောင်နေသော  လုပ်ငန်းများနှင့် ပတ်သက်၍ -

- HIV ပိုးနှင့် နေထိုင်သူများအတွက် ART  ဆေး စဉ်ဆက်မပြတ်ရရှိရေးနှင့်   မူးယစ်ဆေးသုံးစွဲ သူများအကြား မက်သာဒုန်း အစားထိုးတိုက်ကျွေး ရေးကို မူဝါဒများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိ ကြောင်း၊

- (Pre-Exposure Prophylaxis - PrEP) ကို ယခုနှစ် ဇူလိုင်လမှစ၍ မိတ်ဆက်ပြီး ဝန်ဆောင်မှု ပေးနေကြောင်း၊

- HIV   အသစ်ဖြစ်ပွားမှုမှာ  ၂၀၁၀  ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း၊

- HIV, AIDS နှင့် နှီးနွှယ်ရောဂါများကြောင့် သေဆုံးမှု မှာ ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း၊

- မိခင်မှကလေးသို့ HIV ကူးစက်မှုမှ ကာကွယ်ရေး စီမံချက်အား (၃၂၆) မြို့နယ်အထိ လွှမ်းခြုံသွား ခဲ့ကြောင်း။  စသည်ဖြင့်  မြန်မာနိုင်ငံ   ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး၏ အောင်မြင် မှုများကို မီးမောင်းထိုးပြသွား ပါသည်။ 

၂၀၁၆ ခုနှစ် ဇွန်လတွင် နယူးယောက်မြို့၌ ပြုလုပ်ခဲ့သော United Nation General Assembly  တွင် မြန်မာနိုင်ငံမှ “၂၀၃၀ ပြည့်နှစ်တွင် HIV ပိုးကူးစက်မှုကင်းဝေးသည့်   လူ့အဖွဲ့အစည်းတစ်ရပ်   ပေါ်ထွက်လာရေး (Ending HIV / AIDS as public Health threat )” ကို ကတိပြုပြောကြားခဲ့သည်။

နိုင်ငံတော်သည်  HIV   ပိုးကူးစက်မှုကင်းစေသည့် လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်   ပေါ်ထွက်လာစေရန် စီမံချက်များ  ရေးဆွဲပြီး  ဆောင်ရွက်လျက်ရှိပါသည်။   ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး   စီမံချက်အနေဖြင့် ပြည်တွင်းတွင် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့များနှင့် လက်တွဲပြီးဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများမှလည်း  မိမိတာဝန်ယူနိုင်သည့်  အပိုင်းကို တာဝန်ယူရမည်ဖြစ်သည်။

အန္တရာယ်ရှိသော အပြုအမူများပြုမိသူ (မူးယစ်ဆေး ထိုးသွင်းခြင်း၊ လိင်မှုကိစ္စရှုပ်ပွေသူ၊ ကာလသားရောဂါများ မကြာခဏဖြစ်ပွားတတ်သူ) တို့သည် HIV ပိုးကူးစက်နိုင် ခြေရှိသည့်အတွက် မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေး ပညာပေးမှုကိုခံယူကာ HIV  ပိုးကို  စစ်ဆေးကြည့်သင့်ပါသည်။

HIV   ပိုးကူးစက်မှုအန္တရာယ် လျှော့ချခြင်းသည် လူတိုင်းနှင့်ဆိုင်သော တာဝန်တစ်ရပ်ဖြစ်သည်။ လူသားအားလုံး လုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်းကို ကျင့်သုံးသောအမူအကျင့်သည် HIV ပိုးကူးစက်မှု အန္တရာယ်ကို လျှော့ချရန် တာဝန်မျှဝေယူခြင်းသာ ဖြစ်သည်။

နိုင်ငံတော်က HIV ပိုးကူးစက်မှုကို   လျှော့ချရန် အမျိုးသားရေးမူဝါဒများနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူသာ  အဓိကဆိုသည့် အတိုင်း ပြည်သူများမှလည်း ရောဂါပိုးမဝင်ရန် အန္တရာယ်ရှိသော အပြုအမူများကို ရှောင်ရှားခြင်း၊ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးဌာန၏  အမူအကျင့် ပြောင်းလဲခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းများကို အလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် HIV ရောဂါကူးစက်မှု ကင်းသော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာမည်ကို မျှော်လင့်မိပါကြောင်း ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS's Day) ကို ဂုဏ်ပြုရေးသားလိုက်ပါသည်။

ဒေါက်တာ သီတာကြူး

ကိုးကား

- အခြေခံကျန်းမာရေးဝန်ထမ်းများအတွက်   HIV နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုင်ရာ   လက်စွဲ စာအုပ် (ဇန်နဝါရီ ၂၀၁၉)

- MOHS ထုတ် လက်ကမ်းစာစောင်များ

- နိုင်ငံပိုင်သတင်းစာများ