၃၀ နိုဝင်ဘာ

 

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်တွင် အကြမ်းဖက်သမားအုပ်စု ပုန်းအောင်းရာနေရာကို စစ်သားများက စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ဘိုကိုဟာရမ်စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ယမန်နေ့က ပြောကြားခဲ့သည်။

 

စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဘီနတ် အွန်ရီကိုက ထိုစီးနင်းမှုများကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်း မငြိမ်မသက်ဖြစ်နေသော ဒေသရှိ ဘိုကိုဟာရမ်အုပ်စုများ၏နယ်မြေများကို ရှင်းလင်းမှုဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

ဘော်နိုပြည်နယ် ပူလ်ကာမြို့ရှိ ဂါရယ်လ်နှင့် ဘူလန်ကီဆာကျေးရွာများတွင် စီးနင်းတိုက်ခိုက်ရာ စစ်သွေးကြွငါးဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

 

အရှေ့မြောက်ပိုင်းဒေသတွင် ပုန်းအောင်နေသည့် ကျန်ရှိနေသေးသော ဘိုကိုဟာရမ်အုပ်စုကို မောင်းထုတ်ရန် စစ်ဆင်ရေးများလုပ်ဆောင်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ထိုစီးနင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမားအများအပြားသည်လည်း ဒဏ်ရာများစွာရရှိကြကာ အနီးနားရှိ ချုံပုတ်များထဲသို့ ထွက်ပြေးသွားကြသည်။

 

ဘိုကိုဟာရမ်တို့သည် ချဒ်မြစ်ဝှမ်းရှိ နိုင်ငံများကို တိုက်ခိုက်ကာနယ်မြေတိုးချဲ့ခဲ့ပြီး ၂၀၀၉ ခုနှစ်မှစတင်ကာ နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းဒေသတွင် အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံထူထောင်ရန် ကြိုးစားနေခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို