နေပြည်တော်  ၃၀  နိုဝင်ဘာ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ အလွန်ကာလ ပြည်ထောင်စုနယ်မြေ နေပြည်တော်ပတ်ဝန်းကျင်၌ ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်ရေးအတွက် ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးစဉ်လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်း လေ့လာကြည့်ရှုကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကရင်တိုင်းရင်းသား အများစုနေထိုင်သော ဝေသာလီကျေးရွာသို့ သွားရောက်၍ ရွာအနီးရှိ တိမ်ပင်လယ်နှင့် ကျေးရွာအတွင်း တိုင်းရင်းသားများ၏ နေထိုင်မှုဓလေ့စရိုက်များကို သွားရောက် လေ့လာပြီး ရွှေဘုံသာကျောင်းတိုက်ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် ပအို့ဝ်တိုင်းရင်းသား အများစုနေထိုင်သော ပြဒါးချောင်းကျေးရွာသို့ သွားရောက်ကာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ တိုင်းရင်းသားကျေးရွာ ၁၄ ရွာရှိသည့်အနက် ကျေးရွာ ၁၁ ရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) အပါအဝင် ကျေးရွာအလိုက် သင့်လျော်သောခရီးသွား လုပ်ငန်းများ ဖော်ဆောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအို့ဝ်၊ ကယန်းနှင့် ရှမ်းတိုင်းရင်းသားများ စုပေါင်းနေထိုင်သော မြသီတာကျေးရွာသို့ ရောက်ရှိကြပြီး ၎င်းမှတစ်ဆင့်ရွာအနီးရှိ ခုနှစ်ဆင့်ရေတံခွန်သို့ သွားရောက်ကာ ခရီးသည်များ အပန်းဖြေနိုင်ရေးနှင့် Trekking and Adventure Tourism အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြဒါးချောင်းကျေးရွာနှင့် မြသီတာကျေးရွာများရှိ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများ၊ လူနေမှုဘဝ ပုံစံများနှင့် သဘာဝပတ်ဝန်းကျင်ကို အခြေခံ၍ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) ဖော်ဆောင်ရန် နည်းလမ်းများ၊ ပအို့ဒေသရှိ အောင်မြင်ပြီးဖြစ်သော CBT လုပ်ငန်းများကို အခြေခံ၍ CBT လုပ်ငန်းစဉ်များရေးဆွဲရေးနှင့် သင်တန်းပို့ချရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

သတင်းစဉ်