ကျောက်ပန်တောင်း ၃၀  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုရန်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်း ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည်၊ ကျောက်ပန်းတောင်းမြို့လယ် လမ်းမကြီးတစ်လျှောက်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း ၁၅ ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက် ၁၁ ချက်နှင့် ဆိုင်တာဝန်ရှိသူများ၊ ဆိုင်ဝန်ထမ်းများလိုက်နာရန် အချက် ခုနစ်ချက်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပြီးစီးပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြ၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချနိုင်ရေး  လာရောက်စစ်ဆေးနိုင်ပါရန် တင်ပြသွားရန်နှင့် မြို့နယ်စစ်ဆေးရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ချက်ချင်းပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)