ကျော ၁ ဒီဇင်ဘာ
COVID-19 ကာကွယ်ထိန်းချုပ်ရေး ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့တွင် မြို့ဝင်၊ မြို့ထွက် နေရာများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရာ သွားလာသည့် ခရီးသည်များအား ရောဂါပိုးရှိ/မရှိ စစ်ဆေးသည့်အပြင် ကျန်းမာရေးအထောက်အကူပြုနိုင်ရန် ဆွေးနွေးပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ကာ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ကုသရေး ကျောမြို့အဆင့် ကော်မတီ၏ အစီအစဉ်ဖြင့် ဂိတ်များဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ကျောမြို့ဖြတ် ပုလဲ-ဂန့်ဂေါ ကားလမ်းတွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ရောဂါကာကွယ်ရေး အကောင်းဆုံး ထိန်းချုပ်နိုင်ရန် စစ်ဆေးဆောင်ရွက်၍ စစ်ဆေးပြီးမှသာလျှင် ဆက်လက် ထွက်ခွာစေခြင်းဖြစ်ကြောင်း သိရသည်။
“ကျောမြို့ဂိတ်အနေနဲ့ တာဝန်ကျဂိတ်စောင့်များက ရောဂါကူးစက်မှုမရှိရလေအောင် ဂိတ်အစီအမံအပြင် ဖြတ်သန်း သွားလာသူများကို စနစ်တကျ စိစစ်ခြင်းတို့ဖြင့် အလေးထားဆောင်ရွက် နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျော်သန်းဆွေ


