ဟားခါး ၁ ဒီဇင်ဘာ                              

ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကို ကျေးရွာ (၁၃)ရွာရွေးချယ်၍ စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၁၃၀၀)ဖြင့် ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဟားခါးမြို့နယ်အတွင်း  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ရာတွင် ဦးစီးဌာန၏ ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)အပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာထည့် ဝင်ငွေများဖြင့် ပေါင်းစပ် ဆောင်ရွက်လိုသည့် ကျေးရွာများ၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊ ကျေးရွာသူ၊ ရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာဆောင်ရွက်လိုသည့် ကျေးရွာများ (စီမံကိန်း လိုလားစွာတင်ပြ တောင်းဆိုမှုရှိသည့် ကျေးရွာများ)၊ မည်သည့်စီမံကိန်းမှ မရသေးသည့် ကျေးရွာများ (ဖွံ့ဖြိုးမှု အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများ)၊ ကျေးရွာမှ Mini-grid SHS နှင့် အိမ်သွယ်ရေတိုင်စနစ် လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာများ စသည့်အချက်များနှင့် ကိုက်ညီမှုရှိသည့် ကျေးရွာများကို ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)နှုန်းထောက်ပံ့ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဟားခါးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ကျေးရွာ(၁၃)ရွာ ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ(၁၃)ရွာအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်သိန်း (၁၃၀၀)ကို ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထောက်ပံ့ငွေ ထုတ်ပေးခြင်းကို လုပ်ငန်းဆောင်ရွက်မှု အခြေအနေပေါ်မူတည်၍ (၄)ကြိမ်ခွဲ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဟားခါးမြို့နယ်အတွင်း ကျေးရွာပေါင်း(၆၈)ရွာမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဆောင်ရွက်ပြီးသည့် ကျေးရွာပေါင်း (၃၅)ရွာရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကို ကျေးရွာ(၁၃)ရွာ ထပ်မံရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)