ညောင်ဦး  ၁  ဒီဇင်ဘာ 

ဒေသဆိုင်ရာ ခရီးသွားကော်မတီမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းနှင့် အရည်အသွေးမြင့်မား တိုးတက်စေပြီး ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ ၁ ရက်နေ့နံနက်ပိုင်း အချိန်မှစတင်ကာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

စစ်ဆေးရာတွင်  ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးခင်မောင်ထွေး၊ ပုဂံဧည့်လမ်းညွှန်များအသင်း ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ ပုဂံ ပလတ်စတစ် ကမ်ပိန်းဥက္ကဋ္ဌ ဦးတင့်ဆွေနှင့်ဖွဲ့ဝင်များ၊ လိုက်ပါ၍ ညောင်ဦးမြို့နှင့် ၁၄ မိုင် ၆ ဖာလုံအကွာရှိ သဲပြင်တောကျေးရွာ ရွှေနတ်ကယ်တောင်စေတီနှင့် သဲပြင်တောကျေးရွာရှိ ရုပ်စုံကျောင်းသို့ သွားရောက်၍ သဲပြင်တောကျေးရွာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးရန်နှင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သဲပြင်တောကျေးရွာရှိ ဒေသခံများနှင့် ရုပ်စုံကျောင်းဆရာတော်ကြီးအား သွားရောက်လျှောက်ထားပြီး သဲပြင်တောကျေးရွာ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းပြ၍ သိရသည်။

 

ပြည်တွင်း၊ ပြည်ပခရီးသွားများတွက်သာမက ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ သဲပြင်တောခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရန် ရေပိုက်သွယ်တန်းရန်အတွက် လိုအပ်သည်များကို ပုဂံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးမှ အသင်းကိုယ်စား ရေပိုက်သွယ်တန်းရန်တွက် သုံးသိန်းကျပ်လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

A.jpg