ကင်ဘာရာ ၁ ဒီဇင်ဘာ

           

တရုတ်နှင့် ရုရှားနိုင်ငံတို့ကို တန်ပြန်နိုင်ရန် သြစတြေးလျနိုင်ငံက အမေရိကန်နိုင်ငံနှင့်ပူးပေါင်း၍ အသံ ထက်မြန်သော ခရုဇ်ဒုံးကျည်များ ပူးတွဲထုတ်လုပ်မည်ဟု ကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်က ယနေ့ ပြောကြားလိုက်သည်။

           

“နိုင်ငံ့အကျိုးစီးပွားကို သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ခေတ်မီလက်နက်တွေ ထုတ်လုပ်ရေးမှာ ကျွန်မတို့ ဆက်လက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်” ဟု ရေးနိုးစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

           

မြန်နှုန်းမြင့် တာဝေးပစ် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်ရေးအတွက် သြစတြေးလျနိုင်ငံက ယခုနှစ်အတွင်း ဒေါ်လာ ၉ ဒသမ ၁၆ ဘီလီယံ လျာထားခဲ့ပြီးဖြစ်သည်။

           

အသံထက်မြန်သောဒုံးကျည်များက အသံထက် ငါးဆပိုမြန်ပြီး ရွေ့လျားနိုင်စွမ်း မြင့်မားခြင်းကြောင့် အဆိုပါဒုံးကျည်များကို ခြေရာခံရန်နှင့် ကြားဖြတ်ဟန့်တားရန် ခက်ခဲသည်။

           

ပြီးခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံက ပထမဆုံးသော အသံထက်မြန်သည့် နျူကလီးယားဒုံးကျည်များ ဖြန့်ကြက်ခဲ့သည်။ အမေရိကန်နိုင်ငံကလည်း အလားတူဒုံးကျည်များကို ၂၀၁၇ ခုနှစ်က စမ်းသပ်ခဲ့သေးသည်။

           

ဝေဟင်၊ ရေပြင်နှင့် မြေပြင်၌ တာဝေးတိုက်ခိုက်ရေးစွမ်းပကားများ တိုးတက်လာစေရန် လာမည့် ၁၀ နှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု သြစတြေးလျနိုင်ငံက ဇူလိုင်လအတွင်း ပြောကြားခဲ့သည်။

           

သြစတြေးလျနိုင်ငံက ပစိဖိတ်ဒေသ၌ စစ်ရေးတည်ဆောက်မှုပြုလုပ်ရာမှ အာရှ-ပစိဖိတ်ဒေသသို့ တိုးချဲ့လာစဉ် ထိုသို့ ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲခြင်းဖြစ်သည်။

 

ကိုးကား-Straits Times