မန္တလေး ၁ ဒီဇင်ဘာ
COVID-19 ရောဂါ ပိုးကူးစက်ခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ယနေ့ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်က COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဧရာဝတီစင်တာတွင် ဆေးကုသမှုခံယူနေရာမှ ကျန်းမာရေး ကောင်းမွန်လာသောကြောင့် ယနေ့ဆေးရုံမှဆင်းရမည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ယနေ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဇနီးမောင်နှံ နေအိမ်ကို ကောင်းမွန်စွာ ပြန်ရောက်ပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှတ်ကြားချက်နဲ့အညီ Home Quarantine တစ်ပတ်ထပ်နေသွားမှာပါ” ဟု တိုင်းဒေသကြီးဝန်ကြီး ဦးစိုင်းပန်းဆိုင်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၃၀ ရက်အထိ COVID-19 အတည်ပြုလူနာ ၆၀၀၀ နီးပါးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၃၅၀၀ ကျော်၊ သေဆုံးသူ ၄၆ ဦးရှိကြောင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖြိုးအိ


