နေပြည်တော် ၁ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၅ နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။
ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို “ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက်စကားကို သီးခြား ဖော်ပြထားပါသည်။)
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က Video Message ပေးပို့၍ ဝမ်းမြောက်စကား ပြောကြားသည်။
(အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် ဝမ်းမြောက်စကားကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝမ်းမြောက်စကား ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အားလုံးရဲ့ စုပေါင်းအင်အားနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပစဉ်က ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) တင်သွင်းခဲ့သည့် ''တက္ကသိုလ်ဥပဒေအသစ်ရေးဆွဲ၍ ရန်ကုန်တက္ကသိုလ် (ပင်မ) အဆင့်မြှင့်တင်ပြုပြင်ရေး အဆိုပြုချက်'' ကို ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးသည့်နောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး၊ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီရေး လိုအပ်ချက်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
ပထမခြေလှမ်းအဖြစ် ရန်ကုန်တက္ကသိုလ်၌ နှစ်ပေါင်းအတော်ကြာအောင် မဖွင့်လှစ်ခဲ့သည့် ဘွဲ့ကြိုသင်တန်းများကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။ ပြည်ထောင်စု၏ ဂုဏ်ဆောင်တက္ကသိုလ် အဖြစ် ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်သွား ဖို့အတွက် စနစ်တကျအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း။
၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့စီမံခန့်ခွဲမှုဖြင့် သုတေသနနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အီးကျူဆိုင်ရာ စွမ်းဆောင်ရည်ဦးစားပေး၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများရာထူးခန့်ထား/ ပြောင်းရွှေ့/ တိုးမြှင့်ခြင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုတို့ အားပေးပံ့ပိုးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ အချိန်ပိုင်းနည်းပြ/ သရုပ်ပြများ ခန့်ထားရေး အားပေးခြင်း၊ ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ ရန်ကုန်တက္ကသိုလ်(ပင်မ) နယ်မြေမှာ ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ခြင်း၊ ဘောလုံးကွင်းနှင့် ရေကူးကန်၊ စိန်ရတုခန်းမ၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့ကို ပြင်ဆင်ဖွဲ့စည်း၍ ရန်ကုန်တက္ကသိုလ်က စီမံခန့်ခွဲခြင်း၊ ၅ထပ် ပင်လုံဆောင် တည်ဆောက်ဖွင့်လှစ်ပြီး အင်္ဂလိပ်စာဌာနနှင့် အမျိုးသားအင်္ဂလိပ်ဘာသာစကား ဗဟိုဌာနတို့က အင်္ဂလိပ်စာကျွမ်းကျင်မှုမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ လှိုင်နယ်မြေရှိ စာသင်ဆောင်များ မွမ်းမံပြင်ဆင်ပြီး ပထမနှစ်၊ ဒုတိယနှစ် သင်တန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ (၇) ထပ်စီရှိသော ကေတုမတီကျောင်းသားဆောင်၊ မြတ်လေး ကျောင်းသူဆောင်တို့ တည်ဆောက်ခြင်း၊ ကွန်ပျူတာများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ Websites ၊ အီးမေးလ်၊ သင်ထောက်ကူနှင့် သုတေသနဓာတ်ခွဲခန်းပစ္စည်းများ၊ စာကြည့်တိုက်နှင့် e-Library များ ဖြည့်ဆည်းခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားခြင်း၊ သုတေသနဆွေးနွေးပွဲများနှင့် ကွန်ဖရင့်များကျင်းပခြင်း၊ သင်ရိုးညွှန်းတမ်း မွမ်းမံပြင်ဆင်မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူခြင်းကို အားပေးခြင်း၊ အိုင်ကျူအေ ဆောင်ရွက်မှုအားပေးခြင်း၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းခြင်းတို့ကို ပံ့ပိုးဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှုလုပ်ငန်းတွေကို စနစ်တကျ အကောင်ထည်ဖော် ဆောင်ရာတွင် အဓိကကျသည့် မဟာစီမံကိန်း (Master Plan) ရေးဆွဲ၍ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် (University Autonomy) ဖြစ်လာရေး အဓိကဦးတည်ရန်နှင့် ၎င်းကိုလည်း စာရွက်ပေါ်က ဖော်ပြချက်၊ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ရေရှည်ခရီးရှည်ကြီးကို လျှောက်လှမ်းနိုင်ရန် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲ ခွင့်ရှိတဲ့တက္ကသိုလ်အဖြစ် ဦးတည်နိုင်ဖို့အတွက် ၂ဝ၂ဝ ပြည့်နှစ် ဩဂုတ်လမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန်တက္ကသိုလ်နှင့် စုစုပေါင်း တက္ကသိုလ် ၁၆ ကျောင်းတို့ကို မဟာဌာနဖွဲ့စည်းပုံများ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအားလုံးကို အထောက်အကူပြုစေမယ့် လုပ်ငန်းများဖြစ်ပါကြောင်း။
ကမ္ဘာ့အဆင့်တက္ကသိုလ်များ၏ အတွေ့အကြုံအရ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ်တွေကသာ ပြည်ထောင်စုကြီး၏ လိုအပ်ချက်တွေကို အတွေးအခေါ်သစ်များနှင့် ပြန်လည်ပံ့ပိုးဆောင်ရွက်ပေးနိုင်ဖို့ အာမခံနိုင်မှာ ဖြစ်ပါကြောင်း။
ဒါကြောင့်လည်း ဒီမဟာစီမံကိန်းဟာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် မှတ်ကျောက် တင်ရမယ့် အရေးပါသည့် စီမံကိန်းဖြစ်ပါကြောင်း၊ မဟာစီမံကိန်းမှာ ပညာအရည်အသွေး ဖြည့်ဆည်းရေး (Software) နှင့် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများမြှင့်တင်ရေး (Hardware)ဆိုပြီး နှစ်ပိုင်းပါဝင်ပါ ကြောင်း၊ အပိုင်း ၂ ပိုင်းဟာ သီးခြားစီမဟုတ်ဘဲ ဆက်စပ်လျက်ရှိပြီး ထူးခြားတဲ့သမိုင်းအမွေအနှစ်နဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းဖို့သာမက ပြန်လည်မွမ်းမံအဆင့်မြှင့်တင်ပြီး ပြည်ထောင်စုတိုင်းရင်းသား အားလုံးတို့ရဲ့ ဂုဏ်ဆောင်တက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်လာစေရေးကို အထောက်အကူပြုမယ့် ပေါင်းစည်းအင်အား များဖြစ်ပါကြောင်း၊ မဟာစီမံကိန်းအတွက် တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်ကြသူများ အားလုံးတို့ကို ကျေးဇူး အထူးတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ။
ရန်ကုန်တက္ကသိုလ်မဟာစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦးစားပေးအစီအစဉ်တွေ အဖြစ် (၁) တက္ကသိုလ်လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်တိုးတက်ရေး (၂) အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးမြှင့်စေရေး (၃) ဘွဲ့သင်တန်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုများ၊ သုတေသနနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး (၄) ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်၏ မဟာစီမံကိန်း အကောင်အထည်ဖော်မှု အတွေ့အကြုံပေါ်မူတည်ပြီး အခြားတက္ကသိုလ် တွေကိုလည်း လမ်းကြောင်းမှန်အတိုင်း လိုက်ပါလျှောက်လှမ်းနိုင်ဖို့နှင့် ရန်ကုန်တက္ကသိုလ်ကလည်း ဦးဆောင် လက်တွဲခေါ်ဖို့ အရေးကြီးသည့်အတွက် အခြားတက္ကသိုလ်များရဲ့ လိုအပ်ချက်များကို မချန်ထားဘဲ ကာလတို၊ နှစ်အလိုက်လျာထား ပံ့ပိုးပေးမှာ ဖြစ်ပါကြောင်း။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအဖွဲ့တွေကလည်း မိမိတို့ဒေသမှာရှိတဲ့ တက္ကသိုလ်တွေအတွက် မဟာစီမံကိန်းများ ပြုစုနိုင်ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့တို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အားပေးပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဆက်လက် ပူးပေါင်းပံ့ပိုးပေးသွား မည်ဖြစ်ပါကြောင်း ။
လွတ်လပ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိဖို့ကို ဦးတည်ရန်အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ တက္ကသိုလ်ပဋိညာဉ် စာတမ်းနဲ့အညီ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက်လည်း အားပေးပံ့ပိုးသွားမှာဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေမှာရှိတဲ့ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မဟာဌာနမှူးများနဲ့ တာဝန်ရှိသူတွေဟာ ပူးပေါင်းတာဝန်ယူပြီး ထိရောက်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဆရာများ၊ ကျောင်းသားများ၊ ပြည်ထောင်စုတိုင်းရင်းသားများရဲ့ လိုအပ် ချက်တွေကို ဖြေရှင်းဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဦးဆောင်မှုနဲ့ တုံ့ပြန်နိုင်မှု ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည် ရှိဖို့လည်း အရေးကြီးပါကြောင်း၊ လိုအပ်တဲ့စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေလည်း ဖြည့်ဆည်း ဖန်တီးပေးသွားမှာဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်မှာ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှ စတင်၍ ငါးလုပ်ငန်းပညာ ဘွဲ့သင်တန်းဖွင့်လှစ်ခြင်း၊ ဒီပလိုမာ သင်တန်းနဲ့ ဘွဲ့သင်တန်း စတင်ဖွင့်လှစ်နိုင်ဖို့အတွက် ရေနှင့် သဘာဝပတ်ဝန်းကျင်ပညာဌာနအသစ် ဖွင့်လှစ်ခြင်း၊ မနုဿဗေဒဌာနက ဦးစီးပြီး တိုင်းရင်း သားပညာဘာသာရပ် သင်ကြားပို့ချရန်စီစဉ်ခြင်းတို့ကိုလည်း မဟာစီမံကိန်းရဲ့ ထောက်ခံ အကြံပြုချက်အရ ဦးစားပေး စတင်ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုလို ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းနဲ့ တက္ကသိုလ်ပဋိညာဉ် မူကြမ်းတို့အရ အဘက်ဘက်က အားပေးဖြည့်ဆည်းပံ့ပိုးပေးခဲ့လို့လည်း ရန်ကုန်တက္ကသိုလ် ဟာ ၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃ဝ၇၂ ရှိခဲ့ရာ မှ ၂ဝ၂ဝ ပြည့်နှစ်မှာ ကမ္ဘာ့အဆင့် ၇၁၁၆ အထိ တိုးတက်လာပါကြောင်း၊ ရရှိလာတဲ့ အောင်မြင်မှုတွေ ပိုမိုမြင့်မားလာပြီး ဆက်လက် အားကောင်းလာအောင် ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ တင်ပြအပ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အကျိုးရှိတဲ့ ဘာသာရပ်တွေကို တစ်သက်တာသင်ယူမှု အခွင့်အလမ်း ရရှိစေဖို့စီစဉ် ဆောင်ရွက်ရန်လည်း အရေးကြီးတဲ့အတွက် စာသင်ခန်းအတွင်း သင်ယူခြင်း၊ အွန်လိုင်းဒီဂျစ်တယ်သင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်းစတဲ့ သင်ကြားသင်ယူမှု နည်းလမ်းအမျိုးမျိုးတို့ကို ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေ ရှိစေရေး ချဲ့ထွင်ဆောင်ရွက်နိုင်ရန်လည်း အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ ပြည်ထောင်စုရဲ့ ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ဖို့အတွက် စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ပန်ကြားတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝမ်းမြောက်စကား ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်ကြီး သည် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ကိုယ်စားပြုနေတဲ့ အဓိကကျတဲ့ တက္ကသိုလ်ကြီးဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ အလှည့်အပြောင်းတွေဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုလည်း အများကြီး ရိုက်ခတ်စေ ခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး စတင်ထူထောင်နိုင်ဖို့အတွက် ၁၉၂ဝ ပြည့်နှစ်မှာ ပြည်သူတွေက တက္ကသိုလ် ပညာရေးကို မြန်မာနိုင်ငံမှာသင်ကြားနိုင်ဖို့အတွက် တောင်းဆိုခဲ့ကြရာကနေ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ထွန်းလာခဲ့ တာဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး စတင်ပေါ်ထွန်းလာတဲ့အခြေအနေမှာပဲ ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီ ကျွန်ပညာရေးစနစ်ကို ကိုယ်စားပြုနေတဲ့ ပညာရေးပုံစံအဖြစ် အင်္ဂလိပ်ကိုလိုနီက ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်ကြီးတွေနဲ့ ပြည်သူများရဲ့အမြင်တွေနဲ့ ဒီတက္ကသိုလ်ကြီးမှာ အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားပြီး လွတ်လပ်တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့ရာကနေ အမျိုးသားအောင်ပွဲနေ့ကြီးလည်း ပေါ်ထွန်းခဲ့တာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လွှမ်းခြုံခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် အောင်မြင်မှုတွေကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်ကြီး အဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ခေတ်၊ စနစ်တွေရဲ့ ပြဋ္ဌာန်းမှုအမျိုးမျိုးအောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ ဂယက်တွေ အများကြီး ရိုက်ခတ်ခဲ့ပါကြောင်း၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေကိုလည်း ဖြတ်သန်းခဲ့ရပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ဟာ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်ကြီး ဖြစ်နေရာကနေ ကမ္ဘာမှာ အဆင့်နိမ့်တဲ့ တက္ကသိုလ်အဆင့်နေရာအထိလည်း ရောက်ခဲ့ဖူးပါကြောင်း၊ အခု အခြေအနေမှာတော့ ရန်ကုန် တက္ကသိုလ်ကြီး ကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ လွတ်လပ်ရေးကို ပထမဦးဆုံး အလင်းရောင်ပြခဲ့တဲ့၊ ကျောင်းသား တွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့တဲ့တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အကြောင်းပြုပြီး ရန်ကုန်တက္ကသိုလ်ကနေ မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ များစွာပေါ်ထွန်းခဲ့ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာ၊ အားကစားနယ်ပယ် အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတွေအများကြီးကို မွေးဖွားပေးနိုင်ခဲ့တဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဖြတ်သန်းခဲ့ကြတဲ့သူတိုင်းဟာ အမိတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့သူတွေအဖြစ်နဲ့ ဖြတ်သန်းခဲ့ကြတာကိုလည်း မိမိတို့ တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အောင်မြင်ခဲ့မှုတွေ၊ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာနို့ရေသောက်သုံး ခဲ့ကြရတဲ့ အခြေအနေတွေအားလုံးကို မိမိတို့ ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါကြောင်း၊ မိမိတို့ရဲ့ နိုင်ငံရေးဘဝတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ကပဲ စခဲ့တာဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်မှု၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနဲ့ တစ်ပါတီအာဏာ ရှင်စနစ်ပြုတ်ကျရေး၊ နယ်ပယ်အသီးသီးရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ အားလုံးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ အမိတက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ဒီတက္ကသိုလ်ကြီးရဲ့ ဖြတ်သန်းခဲ့မှုတွေကို မိမိတို့ ပြောကြမယ်ဆိုရင် ပြောမကုန်နိုင်အောင်များပြားလှပါကြောင်း၊ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် (၁ဝဝ)ပြည့်မှာ မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြတဲ့ တက္ကသိုလ်ကြီးကို ဂုဏ်ပြုဦးညွတ်ရင်းနဲ့ အခု ရန်ကုန်တက္ကသိုလ်ကြီး နှစ်(၁ဝဝ) ပြည့်ကနေ ရန်ကုန်တက္ကသိုလ်ကြီး နှစ်ရာထောင်မက အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး ပိုမိုတိုးတက်တဲ့ တက္ကသိုလ်ကြီးဖြစ်စေဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ပိုမိုကောင်းမွန်တဲ့ တက္ကသိုလ်ကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်မှု Video clip ကို ဖွင့်လှစ်ပြသပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့်၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ရသစာတမ်းနှင့် ကဗျာပြိုင်ပွဲကျင်းပမှု Video clip ကို ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စီးပွားရေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပမှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဉီးမောင်မောင်စိုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဆောင်းပါး၊ ကဗျာ၊ ဝတ္တုတို၊ ကာတွန်း၊ ပန်းချီ၊ ဓါတ်ပုံပြိုင် ပွဲဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဉီးအေးကြွယ်က ကျေးဇူးတင်ဝမ်း မြောက်စကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ်ဆိုင်ရာတေးသီချင်း အပုဒ်(၁၀၀) တင်ဆက်မှု၊ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ မြန်မာ့ ရုပ်ရှင်ဇာတ်ကားများနှင့် ဂုဏ်ပြုအစီအစဉ်များ တင်ဆက်မှုဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဉီးရဲနိုင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် ဂုဏ်ပြုတက္ကသိုလ်အငြိမ့်အဖွဲ့များ ဖျော်ဖြေမှု Video clip ကို ဖွင့်လှစ်ပြသပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “မြကျွန်းညိုညို တက္ကသိုလ်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


