နေပြည်တော် ၁ ဒီဇင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နှင့် ဒုတိယဥက္ကဋ္ဌ ဥရောပ ကော်မရှင်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Mr. Josep Borrell တို့က ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ပြီး၊ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇)နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မြဲစေရေး ကိစ္စရပ်များ၊ အာဆီယံနှင့် ဥရောပသမဂ္ဂအကြား လွတ်လပ်သောကုန်သွယ်မှုစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် မူဘောင်သဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်နိုင်ရေးနှင့် အာဆီယံ-ဥရောပသမဂ္ဂ ဘက်စုံလေကြောင်း ဝန်ဆောင်မှုစာချုပ် (ASEAN-EU Comprehensive Air Service Agreement - CATA)အမြန်ဆုံး ထွက်ပေါ်လာရေး အခြေအနေများ အပြင်ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာမြောက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အာဆီယံ-ဥရောပသမဂ္ဂ မိတ်ဖက်ဆက်ဆံရေး တိုးတက်ခိုင်မာမှုရှိစေရန် အရေးကြီးကြောင်း အလေးထားဆွေးနွေးခဲ့ပြီး အာဆီယံဒေသ အတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂမှ Team Europe package ဖြင့် ယူရို သန်း ၈၀၀ အကူအညီ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံ၏ COVID-19 တုံ့ပြန်ရေးရန်ပုံငွေ (COVID-19 ASEAN Response Fund) နှင့် အာဆီယံ၏ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) သို့ အကူအညီများပေးအပ်သွားရန် တိုက်တွန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံခြုံ၊ စိတ်ချရမှုရှိသည့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နည်းပညာကိုအလွဲသုံးစားပြုသည့် အကြမ်းဖက်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက်အကူအညီများအပါအဝင် အထူးသဖြင့် COVID-19 ရောဂါ ကြောင့် အလုပ်ဆုံးရှုံးရသည့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်သားများအတွက် အကူအညီများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပိုမိုမြှင့်တင်ရေးအတွက် များစွာဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးမှ (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ပူးတွဲသဘာပတိများ၏ သတင်းထုတ်ပြန်ချက်နှင့် အာဆီယံ-ဥရောပသမဂ္ဂ ပေါင်းစပ်ဆက်နွယ်မှုဆိုင်ရာ ဝန်ကြီးအဆင့် ပူးတွဲကြေညာချက် (Asean-EU Joint Ministerial Statement on Connectivity) ကို ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


