နေပြည်တော်၊ ၂ ဒီဇင်ဘာ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်း ကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC)တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၇၁ ဦး၊ စင်ကာပူမှ ၁၂ ဦး၊ နယ်သာလန်မှ နှစ်ဦး၊ အင်ဒိုနီးရှားမှ နှစ်ဦး၊ အိုင်ဗရီကို့စ်မှ ခြောက်ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ နှစ်ဦး၊ အီဂျစ်မှ ၁၄ ဦး၊ ကင်ညာမှ တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ တစ်ဦး၊ ပနားမားမှ တစ်ဦး၊ ဖိလစ်ပိုင်မှ ၁၄ ဦး မြန်မာသင်္ဘောသား စုစုပေါင်း ၁၂၆ ဦး လိုက်ပါခဲ့ကြသည်။
ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် (၃၃)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၈ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု(၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


