မင်းဘူး ၂ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မင်းဘူးခရိုင် ပြည်သူ့ဆေးရုံးဝန်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း ခင်းကျင်းနေမှုအား ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းဘူးခရိုင်ပြည်သူ့ ဆေးရုံကြီးအတွင်းရှိ ကွန်ရစ်လမ်းခင်းနေမှု၊ အခြားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပြင်ပအရေးပေါ် လူနာဌာန တိုးချဲ့လူနာဆောင်အသစ်တွင် ကိုဗစ်အတည်ပြု လူနာများ ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်တို့က လိုက်လံရှင်းလင်း တင်ပြမှုအပေါ် ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း ဆေးရုံအဝင်လမ်း၊ အထွက်လမ်းနှင့် ဆေးရုံပတ်လမ်းများကို ကွန်ကရစ်လမ်းခင်းခြင်း၊ ဆေးရုံထွက်ပေါက် သံတံခါးတပ်ဆင်ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၂၄၀) ကျော်ဖြင့် နိုဝင်ဘာ ၂၃ ရက်နေ့မှ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း အပြီးဆောင်ရွက် သွားဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောကြားသည်။
အဆိုပါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လာရောက် ကုသကြသော မိဘပြည်သူများနှင့် လူနာတင်ယာဉ်များ အဝင်လမ်း အထွက်လမ်းဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစွာ ဝင်ထွက်သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


