ကွမ်းခြံကုန်း  ၂  ဒီဇင်ဘာ

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး   (HPV) စတင် ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့်ဖွင့်ပွဲနှင့် လုပ်ငန်းစတင်ဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံ  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ဖွင့်ပွဲ လုပ်ငန်းစတင်ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်း တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုးမည့် မိန်းကလေးငယ်များနှင့် အုပ်ချုပ်သူမိဘများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်သူမှ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်ဆေး ထိုးနှံပေးမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးမည့် မိန်းကလေးငယ် ၁၀ ဦးကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဖွင့်ပွဲအပြီးတွင် ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ဆရာမကြီးများက မိန်းကလေးငယ် ၁၀ ဦး ကို  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး  (HPV) အခမဲ့ထိုးနှံပေးခဲ့သည်။

 

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များအား အခမဲ့ထိုးနှံပေးမည် ဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ် ၁၂ လခြားပြီး နှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းထားသူ မိန်းကလေးငယ် ၁၂၄၀ ခန့်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနခွဲ စုစုပေါင်း ၃၁ နေရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ တစ်နေ့လျှင် လူဦးရေ ၅၀ ခန့်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ၄ ရက်ဆက်တိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ  သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)