မန္တလေး၊ ၂ ဒီဇင်ဘာ
မန္တလေးမြို့တော် စည်ပင်ပိုင်ဈေး ဆိုင်ခန်းခများအား MSP (Mandalay Smart Pay) မှ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီပိုင် ဈေးပေါင်း ၄၃ ဈေးတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်ခန်းခများအား MSP မှပေးဆောင်နိုင်ရန် အခွန်စာရွက်တွင် QR Code များထည့်သွင်းပေးကြောင်း သိရသည်။
“နိုဝင်ဘာလမှာကောက်ခံမယ့် ဆိုင်ခန်းခွန် နှိုးဆော်စာတွေမှာ QR code ထည့်သွင်း ပေးထားပြီးဖြစ်တဲ့အတွက် အွန်လိုင်းကတစ်ဆင့် ဆိုင်ခန်းခတွေပေး ဆောင်နိုင်ပါပြီဖြစ်ပါတယ်။ MSP ဆော့ဖ်ဝဲထဲဝင်ပြီး ဆိုင်ခန်းခွန် နှိုးဆော်စာထဲမှာ ထည့်သွင်းထားတဲ့ QR code ကို Scan ဖတ်လိုက်တာနဲ့ ဆိုင်ခန်းရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကျလာမယ်။ အချက်အလက်တွေ မှန်ကန်တယ်ဆိုရင် အလွယ်တကူ ပေးဆောင်နိုင်ပြီဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
အခွန်ပေးဆောင်ပြီးကြောင်းကိုလည်း Screen Shot လုပ်ကာ ဖုန်း Gallery ထဲတွင် အလိုအလျောက် သိမ်းဆည်းပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် MSP pay မှ အခွန်ဆောင်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ ကျပ်၊ ပြား စွန်းများအတွက် အတိအကျ ပေးဆောင်နိုင်ခြင်း၊ ငွေစက္ကူဖြင့် ကိုင်တွယ်ပေးချေရန် မလိုသဖြင့် ငွေစက္ကူမှတစ်ဆင့် ကူးစက်တက်သည့် ရောဂါပိုးများကို ကာကွယ်နိုင်ခြင်း စသည့် အကျိုးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
MSP အက်ပလီကေးရှင်းကို Google play store တွင် download လုပ်ပြီးပါက ရတနာပုံ၊ AYA၊ MAB ဘဏ်များ၊ Mobile banking များ၊ g & g၊ abc convenient store များ၊ အများသုံးသန့်စင်ခန်းများတွင် အလွယ်တကူ ငွေဖြည့်သွင်းနိုင်ကြောင်း သိရသည်။
မေသက်ထား


