မြို့သစ်၊   ၂   ဒီဇင်ဘာ  

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ချပြ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့သစ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနှင့် မြို့သစ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့သစ်မြို့နယ်အတွင်း ဖိုကြီး၊ မက်လုံစမ်း၊ ချောင်းရိုး(တောင်)၊ ပုလင်းပြားကြီး စသည့် ကျေးရွာလေးရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါရေပေးရေးလုပ်ငန်းများ လင်းမြတ်မင်းကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ကြောင်း ရှင်းလင်းပြောကြားပြီး လင်းမြတ်မင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်း တင်ပြသည်။

 

မြို့သစ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဖိုကြီး၊ မက်လုံစမ်း၊ ချောင်းရိုး(တောင်)၊ ပုလင်းပြားကြီး စသည့်ကျေးရွာလေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းသစ် တူးဖော်ခြင်းလုပ်ငန်းလေးခု၊ ဂါလန် (၂၄၀၀)ဆံ့ အမြင်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းလေးခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၀၃ ဒသမ ၉၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)