မန္တလေး၊  ၂  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးသူများကို စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ပို့ချမည့်အပြင် ပြည်ပတင်ပို့နိုင်ရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ  ၂  ရက်က တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

“မှိုစိုက်ပျိုးမှုတိုးတက်ရန် နိုင်ငံတော်အဆင့်က လုပ်ဆောင်ဖို့ပြောကြားတဲ့အတွက် ကျွန်တော်တို့ အသင်းအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်ဟု အဆိုပါအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

 

စိုက်ပျိုးရေးနည်းပညာအပိုင်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ပေးသွားမည် ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများကလည်း သင်ကြားပေးသွားမည်ဟု သိရသည်။

 

မှိုစိုက်ပျိုးသည့်လုပ်ငန်းမှာ အခြားစိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧကများစွာ မလိုအပ်သည့်အပြင် ရက်ပိုင်း၊ လပိုင်းအတွင်း အရင်းပြန်ပေါ်သည့် လုပ်ငန်းဖြစ်ကာ ရင်းနှီးငွေအနည်းငယ်ဖြင့် အမြတ်အစွန်းများသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

ဖြိုးအိ