နေပြည်တော်၊ ၂ ဒီဇင်ဘာ
မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဖြူဖြူမာ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ပညာရှင်များဖြစ်ကြ သည့် ဦးကျော်ခိုင်၊ ဦးကျော်ဝင်းနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးမျိုးသန့်ဖေက အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ မတိုင်မီ ၂၀၁၉ ခုနှစ် အတွင်းနှင့် ၂၀၂၀ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ဘာသာစကား သင်တန်းပို့ချမှု၊ ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာရန်နှင့် ဦးမော့လာစေရေးအတွက် ဆောင်ရွက်မည့် ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွား လုပ်ငန်း ကုစားမှုအစီအစဉ် (COVID-19 Tourism Relief Plan)နှင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ မဟာဗျူဟာမြောက် ပြန်လည်ထူထောင်ရေးလမ်းပြမြေပုံ Myanmar Tourism Strategic Recovery Roadmap (MTSRR) (2021-2025) ရေးဆွဲဆောင်ရွက်နေမှု၊ ကိုဗစ်အလွန်ကာလတွင် နှစ်နိုင်ငံခရီးသွားဧည့်သည်များ အပြန်အလှန်လည်ပတ်ရာ၌ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ် များက ကိုဗစ်အလွန်ကာလတွင် ဆန်းသစ်သည့် နည်းလမ်းများဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံအပြန်အလှန် လည်ပတ်နိုင်သော အခြေအနေတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ဖော်ထုတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


