ညောင်ဦး၊  ၂ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင် တည်ရှိကာ လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းများလုပ်ကိုင်သည့် ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရသည်။

အဆိုပါ လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြောင်း၊ သကြားပြောင်းဖူး၊ အစီးပြောင်းဖူးများသာ စိုက်ပျိုးကြကာ အချို့တောင်သူများက မြစ်ရေတင်ရေဖြင့် စိုက်ပျိုးကြပြီး အချို့တောင်သူများက မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးကြသည်။

ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ပုံထားကာ ဘုရားဖူးကားများ၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံမြို့များမှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြပြီး ပလင်းကမ်းသာယာ ဆင်းစခန်းမှလည်း ဆင်စာအတွက် ပြောင်းဖူးအများအပြား လာရောက်ဝယ်ယူကြကြောင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိ ပြောင်းဖူးပွဲစားများသို့လည်း ကားဖြင့် တင်ပို့ရောင်းချရကြောင်း၊ တစ်ခါပို့လျှင် ပြောင်းဖူး အဖူးရေ နှစ်သောင်းမှ သုံးသောင်းအထိ တင်ပို့နေရကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးသို့ တင်ပို့သော ပြောင်းဖူးများအား ၁၀ ဖူးဈေး ငွေကျပ် ၁၂၀ ကျပ်ဖြင့် ဖောက်သည်ဈေးပေးကာ အခင်းသို့လာဝယ်လျှင် ၁၀ ဖူးဈေး ငွေကျပ် ၈၀ ဖြင့် ရောင်းချကြောင်း ပြောင်းစိုက်တောင်သူ ဦးဝင်းတင်က ပြောသည်။

မိုးရာသီပြောင်းဖူးစိုက်လျှင် ရက် ၉၀ ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် ၇၅ ရက်ဖြင့် ပြောင်းဖူး ပေါ်ကြောင်း၊ တစ်နှစ်လျှင် လေးကြိမ်ထိ စိုက်ပျိုးနိုင်ကာ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုး ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကြောင်း ပြောင်းဖူးစိုက်ပျိုးရောင်းချသည့် တောင်သူများထံမှ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)