နေပြည်တော်၊  ၂  ဒီဇင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၂၇ သန်းကျော် မဲလာပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ကော်မရှင်၏ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မဲပေးမှုရာခိုင်နှုန်းသည် ၇၁ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် နိုင်ငံတကာတွင် မဲပေးမှု ရာခိုင်နှုန်း အလွန်ကောင်းမွန်သည့် အနေအထားတွင် ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သည့် မင်ဘူးများသည် ကြာရှည်ခံသည့်အတွက် ဝမ်းသာပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာရာတွင် စနစ်တကျဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးခဲ့မှုနှင့် မဲရေတွက်ခြင်း အပိုင်းများတွင် စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    
                                                  
သတင်းစဉ်