နေပြည်တော်၊  ၂  ဒီဇင်ဘာ

 

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊  အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

2+

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမျိုးသားရေးစိတ်ဓာတ်သည် သူ့ကျွန်ဘဝ ကျရောက်ကာ နိုင်ငံမလွတ်လပ်သည့်ကာလမျိုးတွင် အင်မတန်မှတန်ဖိုးရှိပါကြောင်း၊ သူ့ကျွန်ဘဝမှ လွတ်မြောက် အောင် ညီညွတ်စွာလှုပ်ရှားရုန်းကန်ရန်အတွက် အဓိကအခြေခံအင်အားဖြစ်ပြီး ရှိသင့်ရှိထိုက်သည့် စိတ်ထား ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း မိမိတို့ရရှိထားသည့် လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းရန် အမျိုးသားရေးစိတ်ဓာတ်များ ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင်လည်း နိုင်ငံများသည် အမျိုးသား နိုင်ငံများအဖြစ် ရပ်တည်ကြပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ်နိုင်ငံသားဆိုသည့် အခြေခံစိတ်ဓာတ်ရှိကြပါကြောင်း။

 

သို့သော် အမျိုးသားရေးစိတ်ဓာတ်သည် အသေးစိတ်ပြီး ကျဉ်းမြောင်းသွားပါက အစွန်းရောက်သွားတတ်ပါကြောင်း၊ ထိုသို့ အစွန်းရောက်သွားပါက မသင့်တော်သည့် အလုပ်အကိုင်၊ အပြူအမူ၊ အကျင့်အကြံများ ရှိလာနိုင်ပါကြောင်း၊ မိမိနှင့် မတူညီသည့်နိုင်ငံများအပေါ် အာဃာတထားတတ်ကြပါကြောင်း၊ မယုံကြည်သည့်စိတ်မျိုး သို့မဟုတ် စိုးရိမ်ပူပန်မှုမျိုး ရှိလာတတ်ပါကြောင်း၊ ဤသည်မှာ ကောင်းမွန်သည့် အနေအထားမဟုတ်ပါကြောင်း။

 

သို့သော် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအစုံစုံတွင် ရှေ့တန်းရောက်အောင် ကြိုးပမ်းလိုသည့်စိတ်ဓာတ်မှာ သင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေးစိတ်ဓာတ်သည် ဆက်လက်တည်ရှိနေရမည်ဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်ရန်အတွက် အမျိုးသားအောင်ပွဲနေ့များကို ကျင်းပခြင်းဖြစ်သည်ဟု မြင်မိပါကြောင်း။

 

အမျိုးသားအောင်ပွဲနေ့၏ ထူးခြားချက်တစ်ရပ်မှာ ပညာရေးနှင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည့်နေ့ကို ရွေးချယ်ထားခြင်းဖြစ်ပြီး တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ပြီးနောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာပါကြောင်း၊ အမျိုးသားကျောင်း များနှင့်အတူ နိုင်ငံကို မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်သည့် အမျိုးသားပညာရေးစနစ် တည်ဆောက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာပါကြောင်း။ 

 

ယခုနှစ် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များမှာလည်း ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာ သင်ယူခွင့်ရရှိရေး၊ လူမှုစီးပွားရေးအတွက် လက်တွေ့ကျအကျိုးပြုသည့် ဘာသာရပ်များ၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုးရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးမှုအတွက် နည်းပညာနှင့် အခြေခံအဆောက်အဉီများ ဖြည့်ဆည်းရေး၊ တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်ပါကြောင်း။

 

ထို့အပြင် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်မှာ “ရာပြည့်အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့” ဟူ၍ ဖြစ်ပါကြောင်း၊ ထိုအရာများသည် ကျယ်ပြန့်သော အမျိုးသားရေးစိတ်ဓာတ်များအပေါ်တွင် အခြေခံထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကြောင့် ယခင်မူလက တည်ရှိခဲ့သည့် အမျိုးသားရေးရည်မှန်းချက်များကို ယနေ့တွင် ဆက်လက်ဆောင်ရွက်နေပြီး အထူးသဖြင့် ပညာရေးတွင် ဗဟိုပြုဆောင်ရွက်နေသည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ကျင်းပတိုင်း အစဉ်တစိုက်ကြိုးပမ်းပါဝင်လျက်ရှိပြီး ယခုနှစ် ရာပြည့်အခါသမယ တွင်လည်း လူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ မဆောင်ရွက်နိုင်သော်လည်း တတ်နိုင်သမျှ အထင်ရှားဆုံး ဖြစ်စေရန် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

3+

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်၌ မြို့မကျောင်းသားဟောင်းများအဖွဲ့၊ ကျောင်းသားသမဂ္ဂအချို့နှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးမှုများမှရလဒ်များလည်း ထွက်ပေါ်ခဲ့ပါကြောင်း၊ ယခုနှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ယနေ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် လိုက်ပါ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လာမည့် ဒီဇင်ဘာ ၉ ရက်သည် နှစ် (၁၀၀) ပြည့်၊ ရာပြည့်အမျိုးသားအောင်ပွဲနေ့ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ် အက်ဉပဒေ အတည်ပြုလိုက်သည့်အတွက်  ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နှင့်အတူ အမျိုးသားအောင်ပွဲနေ့သည် စတင်ပေါက်ဖွားလာခြင်း ဖြစ်ပါကြောင်း၊ ထိုသမိုင်းလက်ဆင့်ကမ်းအမွေအရ ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အခမ်း အနားနှင့်အတူ ရာပြည့်အမျိုးသားအောင်ပွဲနေ့ကို ကျင်းပရမည်ဖြစ်ပါကြောင်း။

 

သို့သော် နှစ်စဉ်ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနေရသည့်အတွက် လက်တွေ့မြေပြင်တွင် ကျင်းပရန်ခက်ခဲပါကြောင်း။

 

ယခုနှစ် အမျိုးသားအောင်ပွဲနေ့ ကျင်းပရန်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်း ၃ ခုကို လျာထားပါကြောင်း၊   ယနေ့ အစည်းအဝေး ညှိနှိုင်းဆုံးဖြတ်သည့်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ၊ ပညာရေးသုတေသန ၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက  နှစ် (၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာအုပ်ထွက်ရှိရေးနှင့် ပတ်သက်၍ လည်းကောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နှစ် (၁၀၀)ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဆောင်ရွက်ထုတ်လွှင့်ရန် လျာထားမှုများနှင့် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့တွင် ပါဝင်ဆောင်ရွက်သွားမည့် ကဏ္ဍအလိုက်ကိုလည်းကောင်း   ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက်  အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ်၊ နှစ် တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်